နေပြည်တော် ၊ မေ ၈
စစ်တပ်ဦးဆောင်တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပြည်သူလူထုက မဲပေးရွေးချယ်တဲ့ ရွေးကောက်ခံအစိုးရအဖြစ် ပုံဖော်နေပေမယ့် စစ်ခေါင်းဆောင်ဟောင်းတဖြစ်လည်း အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က လိပ်ပြာမလုံ ဖြစ်နေပါတယ်။
အရပ်သားအစိုးရကို ဖြုတ်ချပြီး ၂၀၂၁ အာဏာသိမ်းမှုကို အရင်းခံကာ စစ်တပ်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်တွေက စစ်ယူနီဖောင်းချွတ် တိုက်ပုံလဲဝတ်တဲ့ အသွင်ပြောင်း စစ်အစိုးရကို အာဆီယံအပါအဝင် နိုင်ငံတကာက အသိအမှတ်မပြုကြသေးပါဘူး။
ဖိလစ်ပိုင်နိုင်ငံ စီပူးမြို့မှာ ကျင်းပတဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သမ္မတ တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ဟာ တက်ရောက်ခွင့်မရဘဲ ဖယ်ကျဉ်ခံထားရတာပါ။
မေ ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဦးမင်းအောင်လှိုင်က သူတို့အစိုးရအဖွဲ့ဟာ ပြည်သူတွေရဲ့ စိတ်ဆန္ဒအရ မဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့တဲ့ ကိုယ်စားလှယ်တွေကနေ တင်မြှောက်ထားတဲ့ ရွေးကောက်ခံအစိုးရလို့ ပြောပါတယ်။
ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲပေးတဲ့အခါ စနစ်တကျရှိမှု မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ထက်ဝက်ကျော် မဲပေးမှု၊ လူငယ်နဲ့ လူလတ်ပိုင်း အများစုပါဝင်မှု ဝင်ပြိုင်တဲ့ ပါတီတွေအားလုံးရဲ့ ထက်ဝက်ကျော် အနိုင်ရရှိမှု စတာတွေကို ထပ်မံညွှန်းဆိုနေတာပါ။
ဒါ့အပြင် မဲမသမာမှုနဲ့ မဲစာရင်းမှားယွင်းမှု မရှိဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်လို့ ဒီမိုကရေစီစနစ်နဲ့အညီ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာလို့ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။
ဒီအချက်တွေအပေါ် ပြည်သူတွေက ရွေးကောက်ပွဲနဲ့ အစိုးရရဲ့ နိုင်ငံရေးအရ ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးမှု ပြသတာလို့ အာဏာသိမ်းမှုကို အရင်းခံပြီး တပ်ချုပ်ရာထူးကို စွန့်လွှတ်ကာ ရွေးကောက်ပွဲဝင်မပြိုင်ဘဲ သမ္မတဖြစ်လာသူက ပြောကြားခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးအောင်မျိုးကျော်က ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့ သမ္မတလို့ အရှက်မရှိ ပြောနေပေမယ့် ကမ္ဘာ့နိုင်ငံအများစုက လက်မခံနေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူကတော့ သူ့ကိုယ်သူ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတဆိုပြီး ပြောနေတာပဲ။အရှက်မရှိလို့ ပြောနေတာပေ့ါဗျာ။ ရှင်းရှင်းပြောရလို့ရှိရင် သူက ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတလို့ ပြောရင် သူ့ကို ကမ္ဘာကလည်း လက်ခံရမှာပေါ့။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံတွေ အများစုက လက်မခံဘူး။ အဲဒါ သူ့ကိုယ်သူ အသိဆုံးပဲဗျာ။ အဲဒီတော့ သူ လိပ်ပြာလုံခြင်း မလုံခြင်းဆိုတဲ့ ကိစ္စက သူနဲ့ပဲ ဆိုင်တယ်။ သေချာတာကတော့ လုံးဝ အရှက်တရား မရှိဘဲနဲ့ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်ပြီး တိုင်းပြည်ကို ပြည်သူတွေကို မတရားဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုတွေနဲ့ အုပ်ချုပ်နေတာဖြစ်တယ်” လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမဲမသမာမှုအကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ နိုင်ငံကို အရေးအပေါ်အခြေအနေအဖြစ် ကြေညာကာ စစ်အုပ်ချုပ်ရေးအောက် ၅ နှစ်ကျော် သွတ်သွင်းခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။
အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုပြီး ၂၀၂၅ နှောင်းပိုင်းနဲ့ ၂၀၂၆ အစောပိုင်းကာလတွေမှာ နိုင်ငံတဝန်းရှိ ၂၆၇ မြို့နယ်မှာ အပိုင်းသုံးပိုင်းနဲ့ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ကျန်တဲ့ ၆၇ မြို့နယ်မှာတော့ လုံခြုံရေးအရ မဲပုံးမထောင်နိုင်ခဲ့ပါဘူး။
တစ်နိုင်ငံလုံးအနေနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်ရှိတဲ့ထဲက ဆန္ဒမဲပေးသူ ၁၃ သန်းကျော်ရှိခဲ့တာမို့ ဆန္ဒမဲပေးသူ ၅၄ ရာခိုင်နှုန်းကျော်ရှိခဲ့တာကြောင့် ပြည်သူတွေ ရွေးချယ်ထားတဲ့ အစိုးရအဖြစ် ဦးမင်းအောင်လှိုင်က အစည်းအဝေးမှာ ကြွေးကြော်ထားတာပါ။
ဒါပေမယ့် မဲပေးသူတွေဟာ ဖိအားပေးခံရတာနဲ့ မဲမပေးရင် နောက်ဆက်တွဲပြဿာနာတွေ ဖြစ်လာမှာ စိုးရိမ်လို့ သွားပေးရတာတွေ ရှိခဲ့သလို နိုင်ငံဝန်ထမ်းတွေနဲ့ မိသားစုတွေကလည်း အလုပ်အကိုင် ရာထူး ထိခိုက်မှာ စိုးရိမ်လို့ မဲပေးခဲ့ကြရတာလည်း ရှိခဲ့တယ်လို့ Data For Myanmar ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပါအဝင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ အင်အားစုတွေကတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်လို့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကလည်း အတုအယောင်အဖြစ် သတ်မှတ်ထားကြတာပါ။
ဒါ့အပြင် သမ္မတ တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ထားတာမဟုတ်ဘဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကနေ အဆိုပြုတဲ့ ဒုသမ္မတ တစ်ဦးအဖြစ် အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် အာဏာသိမ်းမှုကနေ လက်ရှိ အရပ်သားအသွင်ပြောင်း စစ်အစိုးရအထိ တာဝန်ယူထမ်းဆောင်ခဲ့တဲ့ ဥက္ကဌ ၊ ဝန်ကြီးချုပ်၊ ယာယီသမ္မတနဲ့ သမ္မတ ရာထူးတွေဟာ သူ့ကိုယ်သူ ခန့်အပ်ထားတာလို့ ဝေဖန်ခံနေရတာပါ။
တစ်ဘက်မှာ ရွေးကောက်ခံအစိုးရအဖြစ် ပုံဖော်ကြိုးပမ်နေတဲ့ စစ်အစိုးရကို ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၂၇ ခုနှစ် ဧပြီလကုန်အထိ သက်တမ်းတိုးထားတယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ကတော့ တချို့နိုင်ငံတွေအနေနဲ့ ပြည်သူတွေက ရွေးချယ်ထားတဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရအအပေါ် ကန့်သတ်မှုတွေ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖိအားပေး လုပ်ဆောင်နေကြဆဲလို့ ဝန်ခံထားတာပါ။
ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒနဲ့ လာရောက်မဲပေးကြသူတွေကို ဒီမိုကရေစီနိုင်ငံတွေက တန်ဖိုးထားဖို့ လိုအပ်ပြီး သူတို့အနေနဲ့ ဒီမိုကရေစီစနစ်နဲ့ လျော်ညီတဲ့ ပြောင်းလဲမှုတွေကို ဖော်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်လုပ်ဆောင်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမယ်လို့ ပြောကြားထားတာပါ။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က စစ်အစိုးရအနေနဲ့ မီဒီယာလွတ်လပ်ခွင့် မရှိဘဲနဲ့ ဒီမိုကရေစီအသွင်ပြောင်းအစိုးရအဖြစ် ပုံဖော်နေတယ်လို့ ပြောဖို့ ဘာအထောက်အထားမှ မရှိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တစ်နိုင်ငံလုံးပတ်ဗုံးကြဲတယ်ဗျာ။ ပြီးလို့ရှိရင် လူသားချင်းစာနာမှု အထောက်အပံ့ပေးရေးဆိုတဲ့ အာဆီယံရဲ့ ဘုံငါးချက်ထဲမှာလည်း အဲဒါ မပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို တခါတည်း ဓားစာခံဖမ်းပြီး နည်းနည်းလေး နေရာပြောင်းတာကလွဲလို့ ကျန်တာ ထူးထူးခြားခြား ဘာမှ မရှိသေးဘူး။ အဲဒီလိုပဲ ဒီမိုကရေစီနဲ့ ပတ်သက်ရင် ဒီမိုကရေစီရဲ့ အညွှန်းကိန်းတွေ တိုင်းတာတဲ့အထဲမှာ မီဒီယာလွတ်လပ်ခွင့်က ထိပ်ဆုံးက ပါပါတယ်။ မီဒီယာလွတ်လပ်ခွင့် မရှိဘဲနဲ့တော့ အခု ဒီမိုကရေစီအသွင်ပြောင်းနေတယ်လို့ ပြောဖို့ ဘာအကြောင်း အချက်အလက်မှ ဘာထောက်ခံချက်မှ မရှိသေးဘူးလို့ ပြောပါရစေဗျ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာ့နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် စစ်အစိုးရက အာဏာသိမ်းချိန်ကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၂၀ ကျော်ကို ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။
အလားတူ ကဆုန်လပြည့်နေ့မှာလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ကာ သတ်မှတ်ထားတဲ့ နေအိမ်မှာ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေ ကျခံစေဖို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရက်ပေါင်း ၁၀၀ အတွင်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး PDF တွေကိုတော့ ဥပဒေဘောင်အတွင်း လက်နက်ချအလင်းဝင်ခိုင်းတာ ဖြစ်ပါတယ်။
တစ်ဘက်မှာတော့ စစ်အစိုးရက နိုင်ငံတဝန်းရှိ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးလှုပ်ရှားနေတဲ့ မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့်ကျင့်သုံးဖို့ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့မှာ ကြေညာခဲ့တာပါ။
စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် မြို့နယ်တွေရဲ့ လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးကအစ တရားစီရင်ရေးအဆုံး အရာအားလုံးဟာ စစ်တပ်က စစ်တိုင်းမှူးတွေရဲ့ လုပ်ပိုင်ခွင့်အောက်ကို ရောက်ရှိသွားတဲ့အတွက် တော်လှန်ရေးအင်အားစုတွေတင်မက ဒေသခံ ပြည်သူတွေအထိ အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ ISP-Myanmar က ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

