မော်လမြိုင် ၊ မေ ၆

ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေး တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စုစည်းညီညွတ်စွာ အောင်ပွဲဆီသို့ ဆက်လက် ချီတက်ကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပါတယ်။

မေ ၅ ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်က အွန်လိုင်းကနေ မိန့်ခွန်းပြောကြားချိန်မှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

၅ နှစ်တာကာလအတွင်း ရရှိခဲ့တဲ့ သင်ခန်းစာတွေ အတွေ့အကြုံတွေကို ရယူပြီး ပိုမို ကောင်းမွန်တဲ့ မဟာဗျူဟာတွေ ပိုမိုသာလွန်တဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ ရှေ့ဆက်ကြဖို့ အပါအဝင် တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့တွေနဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်းတာပါ။

လက်ရှိမှာ NUG က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့အတူ တိုင်းရင်းသားမဟာမိတ်တွေဖြစ်တဲ့ KIO ၊ KNU ၊ KNPP နဲ့ CNF တို့ ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

SCEF အနေနဲ့ တစ်ခုတည်းသော မူဝါဒနဲ့ မဟာဗျူဟာကို ကျင့်သုံးတာဖြစ်လို့ စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကို ဟန်ချက်ညီညီ ပူးတွဲဖော်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့မှာ ကြေညာထားတာပါ။

လက်ရှိ စစ်ရေးနဲ့ပတ်သက်ပြီး စစ်တပ်ရဲ့ သာလွန်အင်အားနဲ့ ရင်ဆိုင်ရတဲ့အခါ လူထုအတွက် ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေဖို့ တချို့ စစ်ဆင်ရေးနယ်မြေတွေမှာ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာ ယာယီဆုတ်ခွာပေးခဲ့ရတာတွေ ရှိခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါဟာ ရန်သူကို ကြောက်လို့ မဟုတ်ဘဲ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်သလို ရှေ့ဆက်ရမဲ့ ဗျူဟာမြောက် တိုက်ပွဲတွေအတွက် အင်အားစုဆောင်းတာဖြစ်လို့ စိတ်ဓာတ်အရ အားလျော့မသွားကြဖို့ သတိပေးထားတာပါ။

တစ်ဘက်မှာ အာဏာသိမ်း စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး PDF တွေကိုတော့ လက်နက်ချခိုင်းဖို့ ဖြစ်ပါတယ်။

ဒီအပေါ် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက အယုံအကြည်မရှိကြောင်း ပယ်ချထားကြပြီး စစ်တပ်က လေကြောင်းဗုံးကြဲမှုနဲ့အတူ မြေပြင်ထိုးစစ်တွေ ဆက်လက်အရှိန်မြှင့်လာနေတာပါ။

ဒီအခြေအနေမှာ မဟာမိတ်တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဘယ်လိုပုံစံနဲ့ ပြင်ဆင်စုဖွဲ့ပြီး တိုက်ပွဲတွေကို ဘယ်လိုဖော်ဆောင်သွားမလဲဆိုတာ အရေးကြီးလာပြီလို့ CDM ဗိုလ်ကြီး ဇင်ယော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တိုင်းရင်းသားမဟာမိတ်တွေက ဘယ်လိုပုံစံမျိုးနဲ့ တော်လှန်မလဲ။ အခု တဖြတ်ရပ်ပြီး ပြန်လည်စုဖွဲ့ပြင်ဆင်ပြီးခါမှ ပြုပြင်မယ့် အနေအထားမျိုးကို လိုက်မှာလား ဒါမှမဟုတ်ရင် တိုင်းရင်းသားတွေက ခေတ္တ ယာယီအပစ်ရပ်ထားပြီးတဲ့အခြေအနေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စုဖွဲ့မှလား ပြင်ဆင်မှာလား လေ့ကျင့်မှာလားပေါ့။ ဒီအနေအထားမျိုးကိုပဲ ကျွန်တော်တို့ ကြည့်ရမှာ။ အဲဒီတော့ တပြိုင်နက်တည်း ထောက်လျှောက် မနားတမ်း တိုက်မလား နားပြီးမှ တခါ ပြန်တိုက်မလား အခု အဲဒီအခန်းကဏ္ဍက အ‌ရေးကြီးလာပြီ။ အဲဒီအနေအထားမျိုးကိုပဲ ကျွန်တော်တို့က ကြည့်ရမှာပါ ခင်ဗျ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့မှာ PDF နဲ့ မဟာမိတ်တပ်ဖွဲ့တို့ တစ်နှစ်လောက် နယ်မြေစိုးမိုးထားနိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို စစ်တပ်က ပြန်လည်ဝင်ရောက် ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်တွေ ဆုတ်ခွာခဲ့ရပါတယ်။

BNI – Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ တော်လှန်ရေးအင်အားစုတွေ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တဲ့ မြို့ပေါင်း ၁၀၄ မြို့ထဲက ၁၆ မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားတာပါ။

ယာယီသမ္မတ ဒူဝါလရှီးလကတော့ လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အများရှိနေသလို စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့ ရှိနေပေမယ့် ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြေမပြတ်ဖို့ တိုက်တွန်းထားတာပါ။

နွေဦးတော်လှန်ရေးရဲ့ တပ်ဦးအဖြစ် တင်စားကြတဲ့ NUG အနေနဲ့ နိုင်ငံရေးအရ ဘယ်လိုစိန်ခေါ်ချက်တွေ ရှိနေသလဲဆိုတာ ပြည်သူတွေ သိနိုင်ဖို့ သံလွင်တိုင်းမ်အနေနဲ့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

NUG အစိုးရအနေနဲ့ ပြည်သူ့အစိုးရပီသစွာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို ပြတ်ပြတ်သားသား ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ယာယီသမ္မတက ကတိပြု ပြောဆိုထားတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှာ တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ ၁ ခု၊ တပ်ရင်းပေါင်း ၃၆၀ ရင်းကို တစ်ခုတည်းသော ကွပ်ကဲမှုအောက်မှာ ထားရှိဆောင်ရွက်နိုင်ပြီလို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.