ဘုတ်ပြင်း၊ ဧပြီ ၂၆

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ဘိုဒါးစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကော်မရှင်တပ်ရဲ့ ဘိုဒါးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၂၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဧပြီ ၂၄ ရက်နေ့မှာ စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့် စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘိုဒါးစစ်တပ်စခန်းသိမ်းတိုက်ပွဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄) တပ်ရင်း (၂၀၃) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့ကလည်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ မင်းဒပ်ကျေးရွာမှာ နှစ်ပေါင်း ၃၀ ကျော် တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU/PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.