မြဝတီ၊ ဧပြီ ၂၆

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါ်လေမြို့ရှိ စစ်တပ်ဗျူဟာစခန်းကုန်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသတွင်းရှိ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့က ဝေါ်လေမြို့အနားက စစ်တပ်ဗျူဟာစခန်းကုန်းကို သိမ်းယူနိုင်ရေးအတွက် လနဲ့ချီကြာ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေလျက်ရှိပြီး စစ်ကော်မရှင်တပ်ကလည်း စခန်းမကျရေးအတွက် လေကြောင်းကို အဓိကအသုံးပြုကာ အပြင်းအထန် ခုခံကာကွယ်နေခဲ့တာပါ။

ဝေါ်လေဗျူဟာရဲ့ ကာကင်းစခန်းတော်တော်များများကို တော်လှန်ရေးပူးပေါင်းအင်အားစုက သိမ်းယူထားနိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ ဗျူဟာပင်မစခန်းကုန်းကို သိမ်းယူနိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဧပြီ ၂၅ ရက်နေ့က နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

နှစ်ဖက်ပစ်ခတ်သံတွေက မရပ်မနားကြားနေရပြီး ကမ္ဘာစစ်ဖြစ်ပွားနေသလိုမျိုး ဝေါ်လေမြို့မှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဝေါ်လေဒေသခံတစ်ဦးက ဆိုထားပါတယ်။

စစ်ကော်မရှင်တပ်က ဝေါ်လေဗျူဟာ သိမ်းပိုက်မခံရရေးအတွက် ဒရုန်းတွေနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဗျူဟာအနီးက ဝေါ်လေမြို့ပေါ်ရပ်ကွက်တွေမှာ လက်နက်ကြီးကျည်တွေ မကြာခဏကျရောက်ပေါက်ကွဲကာ အရပ်သားထိခိုက်မှုတွေ နေအိမ်ထိမှန်ပျက်စီးတာတွေ ရှိခဲ့တာပါ။

တဖက်ကလည်း ဝေါ်လေစစ်ဗျူဟာကို စစ်ကူပေးနိုင်ရေးအတွက် စစ်ကော်မရှင်တပ်က မြဝတီမြို့တောင်ဘက် လေးကေကော်မြို့အနီးဝန်းကျင်တွေမှာ အခြေပြုပြီး စစ်ကြောင်းအသီးသီးဖြန့်ခွဲကာ ထိုးစစ်ဆင်နေတာကြောင့် မင်းလက်ပံကျေးရွာနဲ့ ဖလူးကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာက လေးကေကော်မြို့သစ်ကို စစ်ကော်မရှင်တပ်က ပြန်သိမ်းယူအပြီး မင်းလက်ပံကျေးရွာနဲ့ ဖလူးကျေးရွာတွေကို ဆက်တိုက်ထိုးစစ်ဆင်လာခဲ့ရာ ဒီနှစ် ဧပြီလကုန်အထိ အဲဒီကျေးရွာနှစ်ရွာကို မသိမ်းနိုင်သေးတဲ့အပြင် အထိအခိုက်များစွာနဲ့ ရှေ့ဆက်မတိုးနိုင်သေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မင်းလက်ပံရွာနဲ့ ဖလူးကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတွေကို အားထားအသုံးပြုကာ ရှေ့ဆုံးကနေ စေလွှတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်မှုထမ်းတပ်သားတွေအများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိတာတွေ အများအပြားရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ဖော်ပြထားချက်အရ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.