မန္တလေး ၊ ဧပြီ ၂၆

နိုင်ငံတကာနဲ့ အာဆီယံရဲ့ အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းလာနေတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ အသွင်ပြောင်း စစ်အစိုးရက တော်လှန်ရေးအဖွဲ့တွေကို ငြိမ်းချမ်းရေးအယောင်ပြပြီး စိတ်ဓာတ်စစ်ဆင်ရေးပါ အချိန်ကိုက်လုပ်လာပါတယ်။

နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ဧပြီ ၂၄ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသား ၄၇၀ ဦးနဲ့ အမျိုးသမီး ၄၇ ဦး တို့ကို မန္တ‌‌လေးတိုင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မိဘအုပ်ထိန်းသူတွေထံ လွှဲပြောင်းအပ်နှံတဲ့ အခမ်းအနား ပြုလုပ်ခဲ့တာပါ။

စစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်ခံယုံကြည်လာတဲ့ KIA ၊ AA ၊ PLA အဖွဲ့ဝင်တချို့ အပါအဝင် PDF အဖွဲ့အသီးသီးကနေ အဖွဲ့ဝင် ၅၀၀ ကျော်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

ဒါဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်းတဖြစ်လည်း နိုင်ငံတော် သမ္မတရာထူးကို ရယူထားတဲ့ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် PDF တွေကို လက်နက်ချအလင်းဝင်ဖို့ ဧပြီ ၂၀ ရက်နေ့မှာ ပြောဆိုမှုအပြီး အခုလို လုပ်လာတာပါ။

လေ့လာသူတွေကတော့ တော်လှန်ရေးအဖွဲ့တွေကို စိတ်ဓာတ်စစ်ဆင်ရေးအတွက် လုပ်တာဖြစ်သလို တစ်ဘက်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထံ လက်နက်ချသူတွေ အနည်းအကျဉ်း ရှိကောင်းရှိနိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က သူတို့ရဲ့ PDF တပ်ဖွဲ့ဝင်တချို့ မိသားစုဆီ ပြန်တာတွေ တပ်နဲ့ကင်းကွာတာတွေ ရှိပေမယ့် ဘက်ပြောင်းတာမျိုးတွေ မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Chain of command အောက်မှာ ရှိနေတဲ့ PDF တွေအနေနဲ့ကတော့ တချို့ တစ်ယောက်စ နှစ်ယောက်စ မိသားစုဆီ ပြန်တာတွေ ဘာတွေတော့ ရှိနိုင်တယ်။ နောက်ပြီး တပ်နဲ့ကင်းကွာတဲ့ တချို့ ရှိနိုင်တယ်။ ဒါတွေက တပ်တိုင်းလိုလိုမှာ ရှိကြတဲ့ ကိစ္စပဲ။ ဒါပေမယ့် စိုးရိမ်လောက်စရာ အရေအတွက် တစ်ခု လက်နက်ချတာတို့ အလင်းဝင်လာတာမျိုးတွေ သူတို့ (စစ်တပ်) အသုံးနှုန်း ဘက်ပြောင်းတာမျိုးတွေတော့ လုံးဝ မရှိဘူးဆိုတာကို ကျွန်တော်တို့က အတိအလင်း ပြောလို့ရတယ်”လို့ ဆိုပါတယ်။

အလင်းဝင်လာသူပေါင်း ၅၁၇ ဦး ရှိတယ်လို့ ဝါဒဖြန့်ထားပေမယ့် သူတို့နဲ့အတူ ပါလာတဲ့ လက်နက်မျိုးစုံဟာ ၃၁ လက်သာ ရှိပါတယ်။ ဒါ့အပြင် လက်ပစ်ဗုံး/ဗုံးသီး ၄၈ လုံး၊ စကားပြောစက် ၁ လုံး၊ ကျည်အိမ်မျိုးစုံ ၃၅ ခု ၊ ကျည်မျိုးစုံ ၁၂၉၈ ထောင့်နဲ့ မိုင်းမျိုးစုံ ၃ လုံးတို့သာ တိုင်းမှူးက လွှဲပြောင်းရယူခဲ့ပါတယ်။

ဒါ့အပြင် သေနတ် အပါအဝင် လက်ပစ်ဗုံးတွေ စကားပြောစက်တွေ စတဲ့ စစ်လက်နက်ဆိုင်ရာပစ္စည်းတွေကို ဈေးနှုန်းအလိုက် ဆုကြေးငွေတွေ ပေးသလို လက်နက်ချသူ တစ်ဦးချင်းစီကိုလည်း တစ်သိန်းကျပ်နှုန်းနဲ့ ထောက်ပံ့ပေးခဲ့တယ်လို့ ဝါဒဖြန့်ထားတာပါ။

တစ်ဘက်မှာ စစ်တပ်ထံ အလင်းဝင်ကြသူတွေဟာ မန္တလေးတိုင်းက မြို့နယ်အများအပြားမှာ နေထိုင်ကြသူတွေဖြစ်ပြီး မကွေးတိုင်းက မြို့နယ်တွေလည်း ပါဝင်သလို ရှမ်းမြောက်က နောင်ချိုမြို့နယ်မှာ နေထိုင်သူတွေလည်း ပါဝင်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့ကလည်း လွှတ်တော်တွေ ကျင်းပနေချိန်မှာပဲ နိုင်ငံတဝန်းက တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော် အလင်းဝင်လာတယ်ဆိုပြီး ဝါဒဖြန့်ထားသေးတာပါ။ အဲဒီတုန်းကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနမှာပဲ အလင်းဝင်လာသူတွေကို မိဘထံ ပြန်လည်အပ်နှံခြင်း အခမ်းအနားပြုလုပ်ခဲ့တာပါ။

ဒါပေမယ့် နှစ်ကြိမ်စလုံးမှာ အုပ်စုလိုက် လက်နက်ချမှုနဲ့ ပတ်သက်ပြီး ဝါဒဖြန့်မှုမှာ ဖော်ပြခံရတဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေဘက်က တရားဝင် တုံ့ပြန်တဲ့ ကြေညာချက်တွေ မတွေ့ရသေးပါဘူး။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က လက်နက်ချပါတယ်ဆိုတဲ့ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ သတင်းအမှားကို သတင်းမှန်တွေနဲ့ တန်ပြန်ထုတ်ပေးသင့်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်တပ်ဘက်က အခု သူတို့ရဲ့ တပ်ချုပ်သစ်က သူကိုယ်တိုင်ကလည်း ထောက်လှမ်းရေးဆိုတော့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ပြည်သူ့ဆက်ဆံရေးကို အများကြီး ပိုသုံးလာမယ်။ အဲဒီအပေါ်မှာ တော်လှန်ရေးအဖွဲ့တွေကလည်း စနစ်တကျနဲ့ အကောင်းဆုံးကတော့ သတင်းအမှားကို တုန့်ပြန်တာ သတင်းအမှန် ပြန်ပြီးတော့ ထုတ်ပေးခြင်းအားဖြင့် ဒီဟာတွေကို ချေဖျက်နိုင်မယ်လို့ ထင်ပါတယ်။ နောက်တစ်ခါ အခုလှုပ်ရှားမှုတွေလည်း စနစ်တကျ သေချာစောင့်ကြည့်ပြီး ခံစားချက်မရှိဘဲ အချက်အလက်ပေါ်မှာ အခြေခံပြီး တုန့်ပြန်သင့်တယ်လို့ပဲ ပြောပါရစေဗျ”လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်အနေနဲ့ နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေနတ်ပစ်ဖောက် ပစ်ခွင်းမှုကနေ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးမှုတွေဟာ လက်နက်ကိုင်တော်လှန်ရေးကို တွန်းပို့ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့တွေ ရာနဲ့ချီ ပေါ်ပေါက်လာခဲ့ပြီး စစ်တပ်က မြေပြင်တိုက်ပွဲတွေမှာ အရေးနိမ့်ခဲ့ရချိန်မှာတော့ PDF တွေကို မက်လုံးပေး ဖြိုခွဲမယ့် ဗျူဟာတွေ စတင်ထုတ်သုံးလာခဲ့တာပါ။

ဒါပေမယ့် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာသူတွေကို ဆုကြေးငွေမယ့် ဗျူဟာအပေါ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိတ်မဝင်စားကြဘဲ စစ်တပ်ကို အလဲလဲအပြိုပြိုဖြစ်အောင် စစ်ရေးအရ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

ဒီအခြေအနေမှာ တိုက်ခိုက်ရေး တပ်အင်အားတွေ ပြုန်းတီးပြီး နယ်မြေများစွာ လက်လွှတ်ခဲ့ရတဲ့ စစ်တပ်ဟာ စစ်မှုထမ်းဥပဒေနဲ့အတူ တရုတ်အစိုးရရဲ့ ကျားကန်ပေးမှုကြောင့် နလံပြန်ထူလာနိုင်ကာ ဒီကနေ့အခြေအနေကို ‌ရောက်ရှိလာတာပါ။

ဒါကြောင့် အာဏာသိမ်း စစ်တပ်ကနေ လူထုရွေးကောက်တင်မြှောက်ထားတယ်ဆိုတဲ့ အရပ်သားအစိုးရအဖြစ် ပုံဖော်ဖို့ ကြိုးပမ်းမှုမှာ နိုင်ငံတကာနဲ့ အာဆီယံရဲ့ အသိအမှတ်ပြုမှုရဖို့ ငြိမ်းချမ်းရေးကို ဦးတည်လာတာ ဖြစ်ပါတယ်။

ဒီအတွက် အာဏာသိမ်း သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဇူလိုင် ၃၁ ရက်နေ့မတိုင်ခင် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး PDF တွေကိုတော့ လက်နက်ချခိုင်းတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ မိတလဉာဏ်က စစ်အုပ်စုအနေနဲ့ နိုင်ငံတကာမှာ မျက်နှာသာရဖို့အတွက် ဖိတ်ခေါ်တာ ဖြစ်လို့ စစ်အာဏာရှင် ရှိနေသရွေ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်အုပ်စုရဲ့ အရပ်ဝတ်လဲထားတဲ့ အာဏာတည်မြဲရေးအတွက် နောက်ပြီးတော့ နိုင်ငံတကာမှာ မျက်နှာသာရဖို့ အတွက်သာဖြစ်တယ်။သူတို့ ငြိမ်းချမ်းရေး ပြောနေချိန်မှာပဲ ပြည်သူလူထုအပေါ်ကို လေကြောင်းကနေ တောက်လျှောက် ဗုံးကြဲနေတယ်၊ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်တယ်။ဒီအတွက်ကြောင့် စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဟာ စစ်မှန်မှုမရှိဘူး၊ ပြီးတော့ နိုင်ငံရေးစေတနာမရှိဘူးဆိုတာ သိသာပါတယ်။ ဒါကြောင့် ကျွန်မတို့ မွန်ပြည်တော်လှန်ရေးတပ် MSRF အနေနဲ့ကတော့ စစ်တပ် စစ်တန်းလျားမပြန်မချင်း စစ်အာဏာရှင်စနစ် ဆက်လက်ရှိနေသရွေ့ကတော့ ကျွန်မတို့ ဆက်လက်ပြီး လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်သွားမှာပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အသွင်ပြောင်း စစ်အစိုးရအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တိုင်းနဲ့ပြည်နယ် ကိုးခုရှိ မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ထပ်မံကျင့်သုံးဖို့ ဧပြီ ၂၃ ရက်နေ့မှာ ကြေညာထားသေးတာပါ။

အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခံထားရတဲ့ မြို့နယ်တွေဟာ ဧပြီ ၂၃ ရက်နေ့ကစပြီး ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်တယ်လို့ ကြေညာချာက်မှာ ဖော်ပြထားတာပါ။

တစ်ဘက်မှာ ရက်ပေါင်း ၁၀၀ အတွင်း တွေ့ဆုံဆွေးနွေးဖို့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ထားပြီး PDF အဖွဲ့ဝင် ၅၀၀ ကျော်ကိုတော့ စစ်တပ်ထံ လက်နက်ချ အလင်းဝင်လာတယ်ဆိုပြီး ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။

ဦးနေဘုန်းလတ်ကတော့ ဒါဟာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်ထားတဲ့ သဘောဖြစ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းညီညွတ်လာတဲ့ အခြေအနေပေါ် ကြောက်ရွံ့မှုရှိနေတာကို ဖော်ညွန်းတာလို့ မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.