မော်လမြိုင်၊ ဧပြီ ၂၇
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၄ အထိ စစ်မှုထမ်း တပ်သား စုဆောင်းခံရသူ ၅၀၀၀ ကျော်အထိ ရှိလာပြီးဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၄ ကို ဒီကနေ့ ဧပြီ ၂၇ ရက်နေ့ မနက်ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ နယ်မြေခံ သင်တန်းမှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်း စစ်တပ်ဟာ မွန်ပြည်နယ်မှာ စစ်မှုထမ်း အပတ်စဉ် တစ်လျှင် အနည်းဆုံး စစ်မှုထမ်းတပ်သား ၂၀၀ ထက်မနည်း စစ်သားစုဆောင်းခဲ့တာပါ။
ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၄ အတွက် တပ်သားစုဆောင်းခံရသူတွေဟာ လမ်းမှာ ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေ၊ ဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းတပ်သားအဖြစ် ပြန်လည်ရောင်းစားခံရသူတွေ အများဆုံး ပါဝင်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဟာ ညအချိန် အပြင်ထွက်သွားလာတဲ့ လူငယ်တွေကို ဒေသန္တရအမိန့် ဖောက်ဖျက်မှု စွပ်စွဲချက်တွေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းတပ်သား စုဆောင်းမှုတွေ လုပ်ဆောင်နေတာပါ။
ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ တစ်ဦးလျှင် ကျပ် သိန်း ၅၀ ကနေ သိန်း ၈၀ နဲ့ ပြန်လည်ရောင်းစားနေတာပါ။
တဖက်မှာလည်း အာဏာသိမ်း စစ်တပ်ဟာ ပြည်နယ်အတွင်းမှာ ပြည်သူ့စစ်မှုထမ်း သင်တန်းတွေ လစဉ်ဖွင့်လှစ်နိုင်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖိအားပေးနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

