ဖာပွန်၊ ဧပြီ ၂၇

ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ်မှာရှိတဲ့ စစ်ကော်မရှင်တပ်ရဲ့ ကဘော်တူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်မြောက်ပိုင်း KNU လူသောမြို့နယ် တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေကြားက စစ်ကော်မရှင်တပ်ရဲ့ ကဘော်တူစခန်းကို ဧပြီ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ KNLA တပ်မဟာ ၅ နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က သိမ်းယူနိုင်ခဲ့တာပါ။

ကဘော်တူစခန်းသိမ်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဆီက စစ်လက်နက်ခဲယမ်းကျည်ဆံတွေနဲ့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးဒဏ်ရာရရှိမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး လက်ရှိမှာ သတင်းမကြားသိရသေးကြောင်း ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုထားပါတယ်။

စစ်ရေးသတင်းရင်းမြစ်တချို့ရဲ့ ဖော်ပြထားချက်အရ ကဘော်တူစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဆီက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ခဲယမ်းကျည်ဆံတွေ အများအပြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကဘော်တူတပ်စခန်းဟာ ဖာပွန်မြောက်ဘက် KNU တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ အစပ်ကြားမှာတည်ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့လအတွင်းက အဲဒီဒေသထဲမှာ စစ်ကော်မရှင်တပ်ရဲ့ စခန်းတွေဖြစ်ကြတဲ့ ကော်သွေးကျိုးစခန်းနဲ့ ထဲနယ်ကျိုးစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူရရှိထားပါတယ်။

စစ်ကော်မရှင်တပ်ကတော့ ဖာပွန်ခရိုင်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ လေယာဉ်နဲ့ ဗုံးကြဲပစ်ကူပေးနေပြီး တိုက်ပွဲနဲ့သက်ဆိုင်ခြင်းမရှိတဲ့ ကျေးရွာတွေ ဆေးပေးခန်းတွေနဲ့ ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၀ ဦးကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.