ကော့သောင်း၊ ဧပြီ ၂၈
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဘုတ်ပြင်းမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဘုတ်ပြင်းမြို့နယ် အခြေစိုက် အမှတ် ၂၂၄ ခြေတပ်လျင်ရင်းက စစ်မှုထမ်း သင်တန်းဆင်းတပ်သားတစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းထံ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာခဲ့တာပါ။
အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားဟာ အသက် ၃၃ နှစ်အရွယ် ကိုပေါက်ကြီးဖြစ်ပြီး စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရကာ စစ်မှုထမ်း အပတ်စဉ် ၁၇ ကို တက်ရောက်ခဲ့ရပါတယ်။
အဲဒီကတဆင့် ဘုတ်ပြင်းမြို့နယ် ခလရ ၂၂၄ ကိုရောက်ရှိလာပြီး ပြည်ကြီးမဏ္ဍိုင်-ရတနာပုံလမ်းပိုင်းမှာ စစ်ကြောင်းထိုးချိန် ထွက်ပြေးလာပြီး MA 1 တစ်လက်၊ ကျည်ဘောက် ၃ ဘောက် နဲ့ ကျည် ၂၈၀ တောင့်နဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီ ၁ ရက်နေ့ကလည်း ကော့သောင်းမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်း အပတ် ၁၁ က သင်တန်းဆင်းတပ်သားတစ်ဦး ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း

