မော်လမြိုင် ၊ ဧပြီ ၂၅

မွန်ပြည်နယ်မှာ အစိုးရသစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် မြို့တော် မော်လမြိုင်မြို့မှာတော့ စည်ပင်သာယာရေးအဖွဲ့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ညံ့ဖျင်းနေဆဲဖြစ်တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စည်ပင်သာယာရေးအဖွဲ့ရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ အမှိုက်သိမ်းဆည်းတာ၊ မြို့တွင်းလမ်းတံတား ပြုပြင်တာ၊ ရေပေးဝေမှုအပါအဝင် စည်ပင်ဝန်ဆောင်မှု လုပ်ငန်းတွေဟာ စည်းကမ်းတကျ မရှိတဲ့ အခြေအနေ ဖြစ်ပေါ်နေတာပါ။

မြို့ခံတွေရဲ့ ပြောပြချက်အရ အရင်လို အမှိုက်သိမ်းကားတွေဟာ နေ့စဉ် ရပ်ကွက်တွေထဲ လာရောက်မှု မရှိတော့တာကြောင့် ဒေသခံတွေ နီးစပ်ရာ နေရာတွေမှာ အမှိုက်တွေကို စွန့်ပစ်နေရတဲ့အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။

စည်ပင်ဝန်ဆောင်မှု လုပ်ငန်းတွေ ညံ့ဖျင်းနေတာကြောင့် မြို့တွင်း သန့်ရှင်းသာယာလှပမှု ပျက်စီးလာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စည်ပင် အမှိုက်ကားတွေ ပုံမှန်မလာပေမယ့် ရပ်ကွက်တွေအတွင်း စည်ပင် အမှိုက်သိမ်းခဆိုပြီး ၆ လ တစ်ကြိမ် ပုံမှန် ကောက်ခံ နေသလို စည်ပင် အမှိုက်ကားကလည်း တစ်လကိုမှ ၃ ကြိမ် လောက်သာလာတဲ့အတွက် မြို့ခံတွေ အနေနဲ့ အခက်အခဲ ဖြစ်နေရတာပါ။

အရင် ပြီးခဲ့တဲ့အစိုးရ လက်ထက်က စည်ပင် ဝန်ဆောင်မှု ဖြစ်တဲ့ အမှိုက်သိမ်း လုပ်ငန်း အတွက် အမှိုက်သိမ်းကားတွေ တိုးချဲ့ ဝယ်ယူပြီး ပုံမှန် ရပ်ကွက်တွေ အတွင်း သက်မှတ်ရက်တွေမှာ လာ‌ရောက်ခဲ့ ကြပေမယ့် အာဏာသိမ်း ပြီးနောက် စည်ပင် ဝန်ဆောင်မှုတွေ လျော့နည်း လာတာပါ။

မော်လမြိုင်မြို့မှာတော့ စစ်တပ်အာဏာသိမ်း ပြီးနောက် စည်ပင် ဝန်ဆောင်မှု လုပ်ငန်းတွေ အပြင် တခြား ဌာနဆိုင်ရာ ဝန်ဆောင်မှု တွေမှာပါ အခကြေးငွေ အဆမတန် ပေးဆောင်ရတာ၊ အရင်လို ဝန်ဆောင်မှုတွေ မပေးတော့တာ အပြင် တိုင်းကြားပါကလည်း အရေးယူ ဆောင်ရွက်ပေးတာတွေ မရှိတော့ဘူးလို့ မြို့ခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.