မော်လမြိုင်၊ ဧပြီ ၂၅
နိုင်ငံတဝန်းမှာ တစ်ပတ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၄၉ ဦး သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်က စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သား ပစ်မှတ်ထား တိုက်ခိုက်မှုစုစုပေါင်း ၁၈၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၄၉ မြို့နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ဖြစ်စဉ် ၁၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး အရပ်သားပြည်သူ ၄၉ ဦး သေဆုံးခဲ့ကာ ၁၀၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ စစ်ကိုင်းတိုင်းမှာ ၂၅ ဦးနဲ့ အများဆုံးသေဆုံးခဲ့ပြီး မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီ ၂၃ ရက်နေ့မှာလည်း နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၆၀ ကျော်ကိုလည်း ရက်ပေါင်း ၉၀ အထိ စစ်အုပ်ချုပ်ရေး ကျင့်သုံးသွားမယ်လို့ အာဏာသိမ်း စစ်အစိုးရအဖွဲ့က ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

