နေပြည်တော်၊ ဧပြီ ၂၄

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာလိုက်တယ်လို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၂၃ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ထိုးပြီး ထုတ်ပြန်ပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတဲ့ မြို့နယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့တာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်ဦးထံ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က တာဝန်အပ်နှင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ မြို့နယ်တွေမှာ ရှမ်းပြည်နယ်က ၁၅ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁၄ မြို့နယ်၊ စစ်ကိုင်းတိုင်းက ၈ မြို့နယ်၊ ချင်းပြည်နယ်က ၇ မြို့နယ်၊ ကချင်နဲ့ မကွေးတိုင်းက ၅ မြို့နယ်စီ၊ ကရင်နီပြည်နယ်က ၃ မြို့နယ်၊ ကရင်ပြည်နယ်က ၂ မြို့နယ်၊ မန္တလေးတိုင်းက ၁ မြို့နယ်ပါဝင်ပါတယ်။

အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတဲ့ အဲဒီမြို့နယ်တွေဟာ ဧပြီ ၂၃ ရက်နေ့ကစပြီး ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့် ထပ်မံကြေညာခံရတဲ့ အဲဒီမြို့နယ်တွေမှာ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

လက်ရှိမှာလည်း စစ်အုပ်ချုပ်ရေးအမိန့် ထပ်မံကြေညာထားတဲ့ မြို့နယ်အများစုမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တဖက်မှာလည်း အာဏာသိမ်း အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဧပြီ ၂၀ ရက်နေ့ကစလို့ ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.