ဘီးလင်း၊ ဧပြီ ၂၅
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျောက်ဖျာကျေးရွာနဲ့ဝင်းတာပန်ကျေးရွာတို့မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ဆယ်ချီ ထပ်မံပျက်စီးဆုံးရှုံးခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က အဲဒီကျေးရွာ နှစ်ခုကို လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၃၅ လုံး ကြဲချသွားတာပါ။
လေကြောင်းဗုံးကြဲမှုကြောင့် ကျောက်ဖျာကျေးရွာက နေအိမ် ၁၁ လုံး၊ ဝင်းတာပန်ကျေးရွာက နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၂၃ ရက်နေ့ ညပိုင်းကလည်း ဝင်းတာပန်ကျေးရွာတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြာင်းကနေ ဗုံးကြဲသွားပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့က ဧပြီ ၁၉ ရက်နေ့အထိ စစ်ကော်မရှင်တပ်ဟာ ဝင်းတာပန်နဲ့မြစ်ကျိုးကျေးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်း ပြုလုပ်ထားတယ်လို့ KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေအပါအဝင် ဒေသခံ နေအိမ် ဆယ်နဲ့ချီ ထိမှန်ပျက်စီးထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့မှာ ဘီးလင်းမြို့နယ်အခြေစိုက် လေးကေစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဝင်းတာပန်စခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာပါ။
လေးကေနဲ့ဝင်းတာပန် စခန်းသိမ်းတိုက်ပွဲတွေကြောင့် လေးကေ၊ မြစ်ကျိုး၊ ကြိုးဝိုင်း၊ ဝင်းတာပန်၊ မင်းစောကျေးရွာတို့က ဒေသခံ ၁၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

