ကော့ကရိတ်၊ ဧပြီ ၂၅

အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ထပ်မံကြေညာခံရတဲ့ မြို့နယ်တွေမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပိုများလာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာလိုက်တယ်လို့ ဧပြီ ၂၃ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ထိုးပြီး ထုတ်ပြန်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ မြို့နယ်တွေမှာ ရှမ်းပြည်နယ်က ၁၅ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁၄ မြို့နယ်၊ စစ်ကိုင်းတိုင်းက ၈ မြို့နယ်၊ ချင်းပြည်နယ်က ၇ မြို့နယ်၊ ကချင်နဲ့ မကွေးတိုင်းက ၅ မြို့နယ်စီ၊ ကရင်နီပြည်နယ်က ၃ မြို့နယ်၊ ကရင်ပြည်နယ်က ၂ မြို့နယ်၊ မန္တလေးတိုင်းက ၁ မြို့နယ်ပါဝင်ပါတယ်။

အာဏာသိမ်း စစ်အစိုးရဟာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဧပြီ ၂၄ ရက်နေ့ နေ့လည်ပိုင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ငပလီမြို့တဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း လာရောက်ပြုလုပ်သွားပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့MDSI စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာ စစ်တပ်ရဲ့ စစ်ရေးရည်မှန်းချက်ဖော်ဆောင်မှုအတိုင်း တိုက်ပွဲတွေ ဆက်ရှိနေမယ်လို့ ပြောပါတယ်။

အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတဲ့ အဲဒီမြို့နယ်တွေဟာ ဧပြီ ၂၃ ရက်နေ့ကစပြီး ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်တယ်လို့ အာဏာသိမ်း စစ်အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်အစိုးရအဖွဲ့ဟာ တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီး စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အစိုးရဟာ ပြီးခဲ့တဲ့ရက်ပိုင်း ဧပြီ ၂၀ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးအနေနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမယ့်ကာလကို ရက်ပေါင်း ၁၀၀ သတ်မှတ်ထားတာပါ။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေအနေနဲ့ကတော့ ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ အာဏာသိမ်း သမ္မတက ဖိတ်ခေါ်ထားပါတယ်။

အာဏာသိမ်းစစ်အစိုးရဲ့ ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုဟာ သဘောထားအစစ်အမှန်မဟုတ်ဘဲ အတုအယောင်ဖိတ်ခေါ်မှုသာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေအားလုံးက ငြင်းပယ်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.