နေပြည်တော် ၊ ဧပြီ ၂၃
အာဏာသိမ်း စစ်တပ်ရဲ့ အရပ်သားအသွင်ပြောင်းအစိုးရအဖြစ် ပုံဖော်မှုမှာ သမ္မတရာထူးကို ရယူထားတဲ့ ဦးမင်းအောင်လှိုင်က အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားရမယ်လို့ ပြောပါတယ်။
ဧပြီ ၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ ပတ်သက်ပြီး ပြန်လည်ဖွဲ့စည်းထားတဲ့ ကာလုံအဖွဲ့ဝင်တွေကို ပြောကြားခဲ့တာပါ။
သူတို့အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်မှာ ပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ အခြားအချက်တွေကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
လက်ရှိမှာ အသွင်ပြောင်းအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးကို ဇူလိုင် ၃၁ ရက်နေ့မတိုင်ခင် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး နိုင်ငံရေးအကျဉ်းသားတချို့ကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါဟာ နိုင်ငံတကာရဲ့ ဖိအားကို ဖြေလျှော့ဖို့ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်နေပြီဆိုတဲ့ ပုံရိပ်ကို ပြသဖို့ လုပ်ဆောင်တာဖြစ်ပေမယ့် လက်တွေ့မှာတော့ ထိရောက်တဲ့ အခြေအနေမရှိဘူးလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို အခြေခံထားတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ PDF တွေကိုတော့ လက်နက်ချခိုင်းဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့နှစ်သစ်ကူးမှာ အကျဉ်းသား ၄၃၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ၂၉၀ ကျော်သာ ပါဝင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆက်လက်ထိန်းသိမ်းထားဆဲပါ။
တစ်ဘက်မှာ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ရှိနေသလို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ ပတ်သက်ပြီးတော့လည်း နယ်စပ်ဒေသတွေမှာ ရောက်ရှိမနေသေးပါဘူး။
ဒီလိုမျိုးအချက်တွေပေါ်မှာ ပြည့်စုံအောင် အကောင်အထည်မဖော်နိုင်ဘဲနဲ့ အာဆီယံက စစ်အုပ်စုကို ပြန်လက်ခံနိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဲဒီလို အချက်တွေ မပြည့်စုံဘဲနဲ့တော့ အာဆီယံက သူတို့ကို (စစ်အုပ်စု/အသွင်ပြောင်းအစိုးရ) ရုတ်တရက်ကြီး ပြန်လက်ခံနိုင်တဲ့အခြေအနေ မရှိနေသေးဘူးခင်ဗျ။ အဖွဲ့ဝင်နိုင်ငံတခုချင်း သူတို့ပြောတာတော့ Engage without recognition (အသိအမှတ်ပြုမှုမရှိဘဲ ပါဝင်လုပ်ဆောင်ခြင်း) ပေါ့ဗျာ။ တစ်ဖွဲချင်းရဲ့ Diplomacy အရ Engage လုပ်မယ်။ ဒါပေမယ့် သူတို့ရဲ့ တရားဝင်မှုကို အသိအမှတ်မပြုတဲ့ တစ်နိုင်ငံချင်း Engage လောက်ပဲ ရှိနေဦးမယ်လို့ ဖြေပါရစေခင်ဗျ” လို ဆိုပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ သက်ဆိုင်သူ အစုအဖွဲ့ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
အဲဒီအချက်တွေကို စစ်ကောင်စီနဲ့ စစ်ကော်မရှင်လက်ထက်မှာ လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့တဲ့အတွက် အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စစ်အုပ်စုက အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ခွင့် ပိတ်ပင်ခံထားရတာပါ။
တစ်ဘက်မှာ အာဏာသိမ်း စစ်တပ်က ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ အသွင်ပြောင်းအစိုးရကို တရုတ်၊ ရုရှားနဲ့ ဒေသတွင်းနိုင်ငံတချို့ကလွဲရင် အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အသိအမှတ်ပြု ထောက်ခံတာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Asean/MOI

