နေပြည်တော် ၊ ဧပြီ ၂၂

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က သူဦးဆောင်တဲ့ အစိုးရအဖွဲအနေနဲ့ လာမယ့် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက် PDF တွေကို လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ထားပြီး EAO တွေကိုတော့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။

ဧပြီ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်‌ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အာဏာသိမ်း စစ်တပ်ရဲ့ အရပ်သားအသွင်ပြောင်းအစိုးရအဖွဲ့အနေနဲ့ ရက်ပေါင်း ၁၀၀ အတွင်း လုပ်ဆောင်သွားမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြောသွားခဲ့တာပါ။

PDF တွေအနေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှုရလဒ်တွေအရ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်နည်းလမ်းကို ရွေးချယ်ခဲ့ရာကနေ ပေါ်ပေါက်လာခဲ့ကြတာလို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

ဒါဟာ သမ္မတဖြစ်ချင်လို့ နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူကာ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးအောက် သွတ်သွင်းပြီး တဖန် အရပ်သားအသွင်နဲ့ ဆက်လက်အုပ်ချုပ်ဖို့ ကြိုးပမ်းသူရဲ့ အက်ကြောင်းထပ်နေတဲ့ အကြောင်းပြချက်တွေပါ။

လက်ရှိအချိန်မှာ ဒီမိုကရေစီနည်းကျ ပေါ်ပေါက်လာတဲ့ ရွေးချယ်ခံအစိုးရအနေနဲ့ တာဝန်ထမ်းဆောင်နေပြီး PDF အမည်ခံ အဖွဲ့တွေကို တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး PDF တွေအနေနဲ့ ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက် လာကြဖို့ ဖိတ်ခေါ်ထားသလို တွေ့ဆုံဆွေးနွေးခြင်းနဲ့ ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့ ပြောထားတာ ရှိတယ်လို့ ဦးမင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

နွေဦးတပ်ပေါင်းစု SRA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျောင်းသားလက်ရုံးတပ်တော်က ကိုမင်းဟန်ထက်က စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမူကို ကိုင်ထားတာမို့ အလင်းဝင်ဖို့ကိစ္စ လက်တွေ့နဲ့ ဝေးတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီနွေဦးတော်လှန်ရေးထဲမှာ ပေါ်လာကြတဲ့ အဖွဲ့တွေက ဒီမူကို ကိုင်ပြီးတော့ကို ပေါ်ပေါက်လာကြတာ။အဓိက ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး စစ်သုံးစစ် အမြစ်ပြတ်ရေးမူကို ကိုင်ပြီး ပေါ်လာတာ။အဲဒီလိုမျိုးဆိုတဲ့အတွက် ဒီမူကို ကိုင်ပြီးတော့မှ တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေက ငြိမ်း ချမ်းရေးစကားလာပြောကြဖို့ အလင်းဝင်ကြဖို့ ဆိုပြီးတော့ ပြောတဲ့ကိစ္စက လက်တွေ့နဲ့ အင်မတန်ဝေးပါသေးတယ်။ ကျွန်တော် အဲဒီလိုပဲ မြင်တယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကြောင့် ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ နာမည်အရဖြစ်စေ တိုင်းရင်းသား လူမျိုးစုအရဖြစ်စေ ဒေသအရဖြစ်စေ ကိုယ်စားပြုမှု မတူညီသလို Ideology နဲ့ Identity အရ ကွဲပြားကြတာရှိပေမယ့် အခြေခံအနေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးဟာ တူညီကြပါတယ်။

ဒါ့အပြင် စစ်အုပ်စုအနေနဲ့ နိုင်ငံ‌ရေးကနေ ဆုတ်ခွာခဲ့ခြင်း မရှိခဲ့လို့သာ ဒီကနေ့ အခြေအနေတွေကို ရင်ဆိုင်နေရတာဖြစ်လို့ သူတို့ ပြောတဲ့ ငြိမ်းချမ်းရေးအပေါ် ယုံကြည်ချင်စရာမရှိဘူးလို့ ကိုမင်းဟန်ထက်က ထောက်ပြပါတယ်။

အာဏာသိမ်း သမ္မတကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့ပတ်သက်ပြီး NCA ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ မရေးထိုးထားတဲ့ အဖွဲ့တွေကို ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာပါ။

ထူးခြားချက်အနေနဲ့ NCA လက်မှတ်ရေးထိုးထားပြီး တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ KNU ၊ CNF နဲ့ ABSDF တို့ကိုလည်း အဖွဲ့နာမည်တပ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီသုံးဖွဲ့ဟာ အာဏာသိမ်းမှုအတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ကျောခိုင်းခဲ့ကြပြီး KNU နဲ့ CNF တို့ဟာ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF မှာ အခြားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ ဦးဆောင်ပါဝင်နေကြတာပါ။

ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက မြန်မာနိုင်ငံရေးအခင်းအကျင်း တစ်စုံလုံးဟာ တစ်စုတစ်ဖွဲ့နဲ့ ဆုံးဖြတ်ပြီး ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ လက်ရှိမှာ SCEF ဖွဲ့ထားတာမို့ အဲဒီအပေါ်ပဲ ရပ်တည်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့မှာ အခု SCEF ဖွဲ့ထားတာဆိုတော့ အဲဒီ SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်အပေါ်ပဲ ကျွန်တော်တို့ ရပ်တည်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် အခုကမ်းလှမ်းနေတာတွေက ကျွန်တော်တို့ တစ်စုတစ်ဖွဲ့တည်းနဲ့ လုပ်လို့ ရတာမျိုး မဟုတ်ဘဲ အစုအဖွဲ့အားလုံးရဲ့ ပါဝင်မှု သဘောထား ဘုံနိုင်ငံရေးရပ်တည်ချက် အဲဒီလို စသဖြင့် တော်တော်လေး ကျယ်ပြန့်သွားတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက် ဒါကတော့ ကျွန်တော်တို့ အနေနဲ့ ကမ်းလှမ်းချက်ကို စဉ်းစားတာ ဆွေးနွေးတာ အဲဒီလိုမျိုးတွေ ဘာမှ ကျွန်တော်တို့က မလုပ်ဘူးခင်ဗျ” လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါအဝင် K3C လို့ ခေါ်တဲ့ KIO ၊ KNU ၊ KNPP နဲ့ CNF တို့ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့ ပြီးခဲ့တဲ့ မတ်နှောင်းပိုင်းမှာ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကို ဖွဲ့စည်းခဲ့ပြီး ဘုံသဘောထားရပ်တည်ချက်တွေကို ထပ်မံ အတည်ပြုခဲ့ကြပါတယ်။

အဲဒီထဲမှာ စစ်အာဏာသိမ်းမှုကို အပြီးတိုက်ဖယ်ရှားပြီး စစ်တပ်ရဲ့ နိုင်ငံ‌ရေးမှာ ပါဝင်နေမှုကို အဆုံး သတ်ဖို့ အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရေးနဲ့ အဲဒီဥပဒေကို ပြန် လည်အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရေးလည်း ပါဝင်ပါတယ်။

ဒါ့အပြင် သက်ဆိုင်သူအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရေးနဲ့ ထွက်ပေါ်လာတဲ့ အဲဒီဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ဖို့ ဘုံသဘောထားရပ်တည်ချက်ဖြစ်အဖြစ် ထည့်သွင်းထားတာပါ။

ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာလည်း NUG ကို ချန်လှပ်ထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ NCA ကို အခြေခံထားတဲ့အတွက် စစ်အုပ်စုနဲ့ တော်လှန်ရေးအဖွဲ့တွေကြား စားပွဲဝိုင်းပေါ် မျက်နှာချင်းဆိုင်နိုင်ဖို့ ကွာဟချက် ကြီးမားနေပါတယ်။

လေ့လာသူတွေကတော့ စစ်အုပ်စုဘက်က တစ်ဘက်သတ် ချမှတ်ပေးထားတဲ့ မူဘောင်အောက်ကနေ ဝင်ကစားဖို့ ဖိတ်ခေါ်တာဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုကို အခြေမခံတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဟာ အောင်မြင်လိမ့်မှာ မဟုတ်ဘူးလို့ ထောက်ပြကြပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ နီးစပ်ရာ နယ်မြေရဲ့ အစိုးရတွေကနေ ဖိအားပေး ဆက်သွယ်တာမျိုးတွေ လုပ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အရပ်သားအစိုးရဘက်ကနေပြီးတော့ နီးစပ်ရာ နယ်မြေအစိုးရတွေကနေတဆင့် ဖိအားပေးတာမျိုး ဆက်သွယ်တာမျိုးတွေလည်း လုပ်လာနိုင်ခြေရှိတယ်၊နောက်ပိုင်း နိုင်ငံရေးအခြေအနေ အခင်းအ ကျင်းမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ မြင်တာက တရုတ်ရဲ့ ဖိအားလောက်အထိတော့ ဒီနိုင်ငံတွေက (ထိုင်းနဲ့ အိန္ဒိယ) ပြင်းထန်လာဖို့ မရှိဘူး။ ဥပမာ ထိုင်းဆိုရင် အာရှလမ်းမကြီး ဖွင့်ပြီးတော့ ကူးသန်းသွားလာရေး လုပ်လို့ ရပြီဆိုရင် တော်လှန်ရေးအဖွဲ့တွေအပေါ် ဖိအား အဲဒီထက် ပိုပြီး ဆက်ရှိမယ် မထင်ဘူး။ ဒါကြောင့်မို့လို့ တရုတ်ထက်စာရင် တခြားနိုင်ငံတွေကနေပြီး အစိုးရဘက်ကနေ မင်းအောင်လှိုင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိအားပေးမယ့်ဟာက ရှိကောင်းရှိနိုင်ပေမယ့် နည်းမယ်လို့ ယူဆတယ်”လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်အစိုးရရဲ့ ဖိအားပေးမှုကို ခံခဲ့ရတဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ဟာ စစ်တပ်နဲ့ အပစ်ခတ်ရပ်စဲထားကြပြီး တော်လှန်ရေးမှာ တစ်ခန်းရပ်ထားကြတာပါ။

ဒါ့အပြင် TNLA က မြန်မာအစိုးရသစ်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှာဖို့ မျှော်လင့်ထားကြောင်း သဝဏ်လွှာပေးပို့ထားတာပါ။

တစ်ဘက်မှာ ညီနောင်မဟာမိတ်အဖွဲ့ဝင် အာရက္ခတပ်တော် AA ကတော့ စစ်တပ်နဲ့ တိုက်ပွဲဆက်ဖြစ်နေသလို ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း မွန်နဲ့ ကရင် အပါအဝင် ပဲခူးတိုင်းတို့မှာ ဧပြီလအတွင်း စစ်တပ်စခန်းလေးခုထက်မနည်း သိမ်းပိုက်ထားပြီး လက်ရှိမှာလည်း တိုက်ပွဲဆက်ဖြစ်နေတာပါ။

ဦးမင်းအောင်လှိုင်ကတော့ သူတို့အနေနဲ့ ငြိမ်းချမ်းရေးလိုချင်ကြောင်း တိုင်းပြည်တည်ငြိမ်မှု မရှိရင် ဖွံ့ဖြိုးရေးကိစ္စဟာ ဘာမှလုပ်လို့မရကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်မှသာ တည်ငြိမ်မှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်လို့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးမှာ မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီး ကိုယ့်အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုရင် မှားသွားမှာဖြစ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့သေးတာပါ။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ငြိမ်းချမ်းရေးဖိတ်ခေါ်မှု အဆင်မပြေလို့ စစ်ဆင်‌ရေးဖော်ဆောင်ပါတယ်ဆိုတဲ့ အနေ အထားမျိုးတွေ ရှိလာလိမ့်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ကြားနေရတဲ့ တစ်ဘက်မှာ တန်ပြန်ထိုးစစ်အတွက် စစ်ဆင်ရေးကွပ်ကဲမှုပုံစံတွေ အပြောင်းအလဲဖော်ဆောင်နေတာ ရှိတယ်လို့ စစ်ဘက်သတင်းတွေကနေ ကြားသိနေရတာ ရှိတော့ သူတို့ရဲ့ ရက် ၁၀၀ စီမံကိန်းအကြို ငြိမ်းချမ်းရေးဖိတ်ခေါ်မှု နောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးဖိတ်ခေါ်တာ အဆင်မပြေလို့ စစ်ဆင်ရေးဖော်ဆောင်ရပါတယ်ဆိုတဲ့ ပုံစံမျိုးတွေလည်း ရှိလာနိုင်တယ်။ တန်ပြန်ထိုးစစ်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ တနင်္သာရီအပါအဝင် ရှမ်းမြောက်ကလွဲရင် ကျန်တိုင်း ရင်းသားဒေသတွေရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ နယ်မြေတွေမှာ စစ်တပ်က ဗုံးကြဲနေသလို နှစ်ဘက်တိုက်ပွဲတွေလည်း ဆက်ရှိနေတာပါ။

တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းပြီး နိုင်ငံရေးနဲ့ စစ်‌ရေးစုဖွဲ့မှုတွေ ပါဝင်တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကတော့ စစ်‌ရေးပိုင်းမှာ ဗဟိုကွပ်ကဲမှုစနစ်တည်ဆောက်ကာ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ စစ်မ ဟာဗျူဟာတရပ် ရေးဆွဲသွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.