ဘီးလင်း၊ ဧပြီ ၁၉

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာရှိ စစ်တပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် ဧပြီ ၁၈ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က စခန်းမကျရေးအတွက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ထားပြီး လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့မှာ ဘီးလင်းမြို့နယ်အခြေစိုက် လေးကေစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

လေးကေစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် လေးဦး အရှင်ဖမ်းဆီးရမိထားပါတယ်။

လေးကေနဲ့ဝင်းတာပန်စခန်းတိုက်ပွဲတွေကြောင့် လေးက၊ မြစ်ကျိုး၊ ကြိုးဝိုင်း၊ ဝင်းတာပန်၊ မင်းစောကျေးရွာတွေက ဒေသခံ ၁၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.