ရွှေကျင်၊ ဧပြီ ၉
ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာသစ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာသစ်ကို ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၂၀၀ ဗုံး သုံးလုံး လာရောက်ကြဲချသွားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ညောင်ပင်ကြီးရွာသစ်နေ စောမင်းသူ ထိမှန်သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ်တွေဖြစ်တဲ့ စောမောရေထူး၊မောင်သောင်တာ၊ အသက် ၂၅ နှစ်အရွယ် စောဒဲလေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ KNU ညောင်လေးပင်ခရိုင်ရဲ့ အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ကျောက်ကြီး၊မုန်းနဲ့ ရွှေကျင်မြို့နယ်တို့မှာ လက်နက်ကြီး၊ဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက်လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူ စိုးရိမ်ကြောက်ရွံ့မှုနဲ့ နေထိုင်နေရတယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ကလည်း KNU မြိတ်ထားဝယ်ခရိုင်အုပ်ချုပ်နယ်မြေဖြစ်တဲ့ ပုလောမြို့နယ် ပြည်ခြားကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး မီးလောင်သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

