ရေး၊ ဧပြီ ၄

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၃၄၃ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦး အလင်းဝင်လာတယ်လို့ ရေးပြောက်ကျားတပ်ထံကနေ သိရပါတယ်။

အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးဟာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၆ သင်တန်းဆင်း တပ်သားတွေ ဖြစ်ပြီး MA 1 သေနတ် နှစ်လက်ပါ ယူဆောင်လာတာ ဖြစ်ပါတယ်။

စစ်မှုထမ်း တပ်သား နှစ်ဦးဟာ မွေးနေ့လက်ဆောင်အဖြစ် အလင်းဝင်လာတာလို့ ရေးပြောက်ကျားတပ် ခေါင်းဆောင် ဗိုလ်ကျန်ရစ်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ရေးအခြေစိုက် ခမရ ၅၈၈ တပ်ရင်းက စစ်မှုထမ်းတပ်သား သုံးဦးဟာ ရေးပြောက်ကျားတပ်ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ထားတာ ဖြစ်ပါတယ်။

ရေးပြောက်ကျားတပ်ကတော့ စစ်အာဏာရှင် ကျရှုံးရေးအတွက် စစ်မှုထမ်းတပ်သားတွေအနေနဲ့ နီးစပ်တော်လှန်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်အလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အခုနှစ်အတွင်း ရေးပြောက်ကျားတပ်ထံ စစ်မှုထမ်းတပ်သား ၁၁ ဦးအထိ အလင်းဝင်ထားပြီး သူတို့တွေဟာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်း တပ်သား စုဆောင်းခံရသူတွေ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.