သရက်ချောင်းမှာ ပိတ်မိနေတဲ့ စစ်ကြောင်းပြန်ထွက်နိုင်ဖို့ နေ့စဉ်ရက်ဆက် စစ်တပ် ဗုံးကြဲနေ

သရက်ချောင်း၊ မတ် ၂၄

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာမှာ ပိတ်မိနေတဲ့ စစ်ကူစစ်ကြောင်းပြန်ထွက်ဖို့ စစ်ကော်မရှင်တပ်က နေ့စဉ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ နှစ်ပေါင်း ၃၀ ကျော်အကြာ တပ်စွဲထားတဲ့ ဝင်းဝစစ်တပ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ထက်မနည်း စခန်းစွန့်ခွာထွက်ပြေးသွားပြီးစခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ကော်မရှင်တပ်က အင်အား ၇၀ လောက်နဲ့ ကယ်ထုတ်ဖို့ စစ်ကူကြောင်း ပေးပို့ခဲ့တာပါ။

စစ်ကူစစ်ကြောင်းနဲ့အတူ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ဟာ သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကတည်း ပိတ်မိနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဂုံညှင်းဆိပ်ကျေးရွာမှာ ပိတ်မိနေတဲ့ တပ်ဖွဲ့ဝင်တွေကို ကယ်ထုတ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကနေ မတ်လ ၂၄ ရက်နေ့အထိ နေ့စဉ်ရက်ဆက် လေကြောင်းကနေ ပစ်ကူပေးနေတာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ တစ်ရက်လျှင် အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ကနေ သုံးကြိမ်ထက်မနည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကော်မရှင်တပ်ရဲ့ စစ်ကူစစ်ကြောင်းဟာ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းအထိ ပြန်မထွက်နိုင်သေးဘဲ ထိခိုက်သေဆုံးမှု များစွာနဲ့ ဂုံညှင်းဆိပ်ကျေးရွာမှာ ဆက်လက်ပိတ်မိနေတယ်လို့ ဆိုပါတယ်။

အချိန်တစ်လနီးပါးကြာမြင့်ခဲ့တဲ့ ဝင်းဝစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆၀ ထက်မနည်း သေဆုံးထားပြီး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုအပါအဝင် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဒေသခံ ၁၀ ဦးကျော် သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.