မော်လမြိုင်မှာ စုံမယာဉ်စနစ် မလိုက်နာမှုနဲ့ လူပေါင်း၂၀ နီးပါး အရေးယူခံထားရ

မော်လမြိုင်၊ မတ် ၂၄

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စုံမယာဉ်စနစ် မောင်းနှင်ရမယ်ဆိုတဲ့ သတ်မှတ်စည်းကမ်းချက် မလိုက်နာမှုနဲ့ လူပေါင်း ၂၀ နီးပါး အရေးယူထားတယ်လို့ စစ်ကော်မရှင် ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဌာနစုံပါဝင်တဲ့ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကစလို့ မော်လမြိုင်မြို့မှာ စုံ ရက်မှာ စုံ အက္ခရာပါတဲ့ မော်တော်ယာဉ်၊ မ ရက်မှာ မ အက္ခရာပါတဲ့ မော်တော်ယာဉ် မောင်းနှင်မှုတွေကို ရှောင်တခင် စစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့တာပါ။

ရှောင်တခင် စစ်ဆေးမှုတွေ စတင်တဲ့ မတ်လ ၂၂ ရက်နေ့မှာပဲ မ အက္ခရာ မောင်းနှင်တဲ့ ကား ၉ စီး၊ မ အက္ခရာ မောင်းနှင်တဲ့ ဆိုင်ကယ် ၈ စီးတို့ကို ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။

စုံ ရက်နေ့ မဟုတ်ဘဲ မ အက္ခရာ မောင်းနှင်တဲ့ မော်တော်ယာဉ် ၁၇ စီးကိုတော့ ပညာပေးတဲ့အနေနဲ့ တစ်စီးလျှင် ငွေကျပ် သုံးသောင်းစီ ဒဏ်ရိုက်အရေးယူခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဟာ အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲကြောင့် စက်သုံးဆီ ခြိုးခြံချွေတာရေးဆိုပြီး စုံမ ယာဉ်မောင်းနှင်ရမယ့် စနစ်ကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ ၁၃ ရက်အထိ ပညာပေးကာလ သတ်မှတ်ထားပါတယ်။

စုံ၊ မ ယာဉ်စနစ်အပေါ် လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ အလုပ်မဲ့ ထောင်ဒဏ် တစ်လ၊ ငွေဒဏ် ကျပ်နှစ်သောင်း အပြင် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်တယ်လို့ ကြေညာထားပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ သတ်မှတ်ထားတဲ့ စုံ ရက်၊ မ ရက်တွေမှာ စက်သုံးဆီ ဝယ်ယူမှု မရှိတဲ့ မော်တော်ယာဉ်တွေနဲ့ ယာဉ်သက်သေခံအတု ကိုင်ဆောင်ထားတဲ့ စက်သုံးဆီ လာဖြည့်တဲ့သူတွေကိုလည်း အရေးယူမှုတွေ လုပ်ဆောင်နေတာပါ။

ဒေသတွင်းမှာတော့ စုံမယာဉ်စနစ် မလိုက်နာမှုနဲ့ ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေတဲ့ စစ်ကော်မရှင်အပေါ် ပြည်သူလူထုအကြား ထောက်ပြဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.