မော်လမြိုင် ၊ မတ် ၂၃
မွန်ပြည်နယ်မှာ မတ်လ ၂၂ ရက်နေ့ကစလို့ ဌာနစုံပါတဲ့ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေက စုံမယာဉ်တွေကို ဖမ်းဆီးစစ်ဆေးပြီး အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ စက်သုံးဆီ ခြိုးခြံချွေတာဖို့နဲ့ စက်သုံးဆီ ဖူလုံမှု ရှိဖို့အတွက်ဆိုကာ လစဉ် စုံရက်တွေမှာ စုံနံပါတ် အက္ခရာ ပါတဲ့ မော်တော်ယာဉ်နဲ့ မရက်တွေမှာ မနံပါတ် အက္ခရာပါတဲ့ မော်တော်ယာဉ်တွေသာ မောင်းနှင်ဖို့ ညွှန်ကြားထားတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်ဟာ စုံမယာဉ်တွေကို လမ်းဆုံလမ်းခွအပါအဝင် စက်သုံးဆီ အရောင်းဆိုင်တွေအထိ လိုက်လံစစ်ဆေးပြီး အရေးယူမှုတွေ လုပ်ဆောင်နေတာပါ။
ဖမ်းဆီးအရေးယူမှာလည်း စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို ငွေကျပ် သုံးသောင်း ဒဏ်ရိုက်တာတွေ ရှိနေပြီး တချို့ယာဉ်တွေကိုတော့ ပညာပေးတဲ့အနေနဲ့ ပြန်လွှတ်ပေးတာတွေ ရှိနေတာပါ။
စစ်ကော်မရှင်ရဲ့ စုံမယာဉ် မောင်းနှင်းခွင့် ကန့်သတ်ချက်ဟာ လက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေကို လုပ်စားခွင် ဖန်တီးပေးတာ ဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်ဟာ ပုံး၊ပေပါတွေနဲ့ ရောင်းချနေတဲ့ စက်သုံးဆီဆိုင်တွေကိုလည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး အရေးယူတာတွေ လုပ်ဆောင်နေသလို လိုင်စင်မရှိတဲ့ မော်တော်ယာဉ်တွေကို တခါတည်း သိမ်းယူတာတွေ ရှိနေတာပါ။
စုံ၊ မ ယာဉ် မောင်းနှင်ရမယ်စနစ်ကိုတော့ စစ်ကော်မရှင်က ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ မတ်လ ၁၃ ရက်နေ့အထိ ပညာပေးကာလ သတ်မှတ်ထားပြီး မတ်လ ၁၄ ရက်နေ့ကစလို့ စတင်အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။
စုံ၊ မ ယာဉ်စနစ်အပေါ် လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ အလုပ်မဲ့ ထောင်ဒဏ် တစ်လ၊ ငွေဒဏ် ကျပ်နှစ်သောင်း အပြင် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်ရဲ့ စုံ၊ မ ယာဉ်စနစ် သတ်မှတ်ချက်နဲ့အတူ စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဒေသတွင်းရှိ လူမှုစီးပွားအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

