နိုင်ငံကူးလက်မှတ် ဥပဒေကြောင့် တက်ကြွလှုပ်ရှားသူတွေအတွက် လုံခြုံရေး အခက်ကြုံလာနိုင်

မော်လမြိုင် ၊ မတ် ၁၉

စစ်ကော်မရှင်ရဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေကြောင့် CDM တွေ အပါအဝင် ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအတွက် လုံခြုံရေးအရ အခက်ကြုံလာနိုင်တယ်လို့ လေ့လာသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူကျင်းပနေချိန်မှာ စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက သူ့ရဲ့ သက်တမ်းမကုန်ဆုံးခင်ကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေကို မတ် ၁၇ ရက်နေ့မှာ ပြဌာန်းခဲ့တာပါ။

အဲဒီဥပဒေအရ အရေးယူနိုင်တဲ့ ပြစ်မှုတစ်ရပ်ရပ်ကို ဘယ်သူမဆို ပြည်တွင်းမှာဖြစ်စေ မြန်မာနိုင်ငံသား ဒါမှမဟုတ် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခွင့်ရှိသူ ဒါမှမဟုတ် မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရှိသူက ပြည်ပမှာ ကျူးလွန်ရင်လည်း ဒီဥပဒေအရ စီရင်ပိုင်ခွင့်ရှိစေရမယ်လို့ ဖော်ပြပါတယ်။

ပုဒ်မ ၂၉ အရ နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ ငြင်းပယ်နိုင်တဲ့ အချက်အလက်တွေကို ထည့်သွင်းထားပြီး ပုဒ်မခွဲ (စ) မှာတော့ နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနိုင်တယ်လို့ ယူဆရသူဖြစ်ခြင်းဆိုတဲ့ စကားရပ်ကို ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါဟာ စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန်ခဲ့ကြတဲ့ CDM တွေနဲ့ စစ်အာဏာရှင်စနစ်ကို တနည်းနည်းနဲ့ ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးသမားတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အဓိက ပစ်မှတ်ထား ရည်ရွယ်တာလို့ နားလည်ရပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က အဲဒီဥပဒေအရ ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ CDM နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအတွက် လုံခြုံရေးဆိုင်ရာ အခက်အခဲရှိလာနိုင်တယ်လို့ ပြောပါတယ်။

“ဒီဥပဒေက အထူးသဖြင့် ထိုင်းနိုင်ငံကို ရောက်နေတဲ့ CDM နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအတွက် လုံခြုံရေးဆိုင်ရာ အခက်အခဲရှိတာပေါ့နော်။ ဒါကလည်း နိုင်ငံတကာမှာ မည်သူမဆို နယ်စပ်ဖြတ်ကျော်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအရ တရားဝင်နေထိုင်ခွင့်ရှိတယ်ဆိုတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေခံအချက်တွေအရဆိုရင်တော့ ဒါ ဆုံးရှုံးသွားအောင်တော့ စစ်ကောင်စီဘက်က လုပ်တာဖြစ်တယ်။ ဒီဟာက အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိလိမ့်မယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လွတ်လပ်စွာ နေထိုင်ရှင်သန်ခွင့်နဲ့ လုံခြုံရေးအရ အေးဆေးတည်ငြိမ်စွာ နေနေရတဲ့ အခြေအနေကနေ ပျက်ယွင်းသွားနိုင်တဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း နိုင်ငံတကာကို မီးမောင်းထိုးပြဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။

ဥပဒေအရ နိုင်ငံကူးလက်မှတ်တွေကို အီလက်ထရောနစ် စနစ်အဖြစ် ကျင့်သုံးမှာမို့ သတ်မှတ်ချက်နဲ့အညီ နိုင်ငံကူးလက်မှတ်စာအုပ်မူရင်းနဲ့ မိတ္တူတို့ကိုပါ ပူးတွဲလျှောက်ထားရမှာဖြစ်ပြီး မူလနိုင်ငံကူးလက်မှတ်ကိုတော့ ပြန်လည်အပ်နှံရမှာပါ။

အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်ဟာ လျှောက်ထားသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို ချစ်ပ်ပြားမှာ ထည့်သွင်းထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို လုံခြုံရေးအဆင့်မြှင့်ထားတဲ့အတွက် အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ အကြောင်းပြပါတယ်။

ဒီအတွက် နိုင်ငံသားအဖြစ်က ရပ်စဲခံရသူ၊ ပြစ်ဒဏ်ကျခံနေရသူ၊ ပြစ်မှုတစ်ခုခုနဲ့ အရေးယူခံရလို့ တရားရုံး ဒါမှမဟုတ် သက်ဆိုင်ရာဌာနက နိုင်ငံကူးလက်မှတ် ထုတ်မပေးဖို့ တင်ပြခံရသူနဲ့ ပြည်ပကနေ ပြန်လည်ပိုဆောင်ခံရသူတွေကိုတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ ငြင်းပယ်ထားတာပါ။

ဒါ့အပြင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရထားပြီး သတ်မှတ်ကာလ မပြည့်သေးသူ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တရားရုံးက ခံဝန်ချုပ် ချုပ်ထားတဲ့ ကာလမပြည့်သေးသူနဲ့ အထောက်အထားမပြည့်စုံသူတွေကိုလည်း တားမြစ်ထားတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်တွေကို စနစ်တကျ ပိတ်ပင်တဲ့ လုပ်ရပ်လို့ ပြောပါတယ်။

“ဒီလိုမျိုး တရားဝင် ထုတ်ပြန်လိုက်ခြင်းအားဖြင့် နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွေ ကနေ ပြန်လည်လွတ်မြောက်လာချိန်မှာတောင် လွတ်လပ်ပိုင်ခွင့် ပြည့်ပြည့်ဝဝ မရတာ၊ လွတ်လပ်စွာ သွားလာခွင့်ကို ချိုးဖောက်ခံရတာမျိုးတွေကို ပိုပြီးမှ ကြုံရတာမျိုးတွေ ရှိနိုင်တယ်။ ပတ်စပို့စ် စလုပ်ဖို့ ကြိုးစားတဲ့အချိန်ကနေစပြီးမှ ပတ်စပို့စ်ကို ကိုင်ဆောင်ပြီး နိုင်ငံရပ်ခြားကို ထွက်ဖို့ ပြင်ဆင်တဲ့အချိန်အထိ လွယ်လွယ်ကူကူနဲ့ ဖြတ်သန်းခွင့် သွားလာခွင့်တွေ မရအောင် စနစ်တကျကိုမှ ပိတ်ပင်တားဆီးတဲ့ လုပ်ရပ်လို့ ကျွန်တော်တို့ကတော့ နားလည်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံကူးလက်မှတ် ရှိပြီးသားသူတွေ အပါအဝင် အသစ်လုပ်မယ့်သူတွေအနေနဲ့ နိုင်ငံရပ်ခြားကို တရားဝင် ထွက်ခွာဖို့ ပိုမိုခက်ခဲသွားမှာဖြစ်ပြီး အောက်လမ်းကနေ ပြည်ပနိုင်ငံကို ဝင်ရောက်လာသူတွေလည်း သက်တမ်းတိုးတဲ့အခါ ကန့်သတ်ပိတ်ပင်ခံရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဝင်လမ်းကြောင်းကနေ ပြည်ပထွက်ခွာခွင့်နဲ့အတူ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေမှာ စစ်တပ်က နည်းမျိုးစုံနဲ့ ကန့်သတ်ပိတ်ပိတ်မှုတွေကို တောက်လျှောက်ပြုလုပ်ခဲ့တာပါ။

လက်ရှိမှာ အပိုင်းလိုက်ရွေးကောက်ပွဲကနေ လွှတ်တော်အခင်းအကျင်းနဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းတော့မယ့်အခြေအနေမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်အတွင်း လိုအပ်တဲ့ ကန့်သတ်ချက်တွေကို ဥပဒေမှာ ထည့်သွင်းပြဌာန်းလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှာတော့ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဥက္ကဌဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ စသုံးလုံး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး စတဲ့ ဌာနက တာဝန်ရှိသူတွေ စုစုပေါင်း ၁၁ ဦး ပါဝင်ပါတယ်။

အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ အသစ်ထုတ်ပေးတာနဲ့ ပြန်လည် လျှောက်ထားတာတွေကို စိစစ်ပြီး ခွင့်ပြုတာ ငြင်းပယ်တာ ကန့်သတ်တာတွေကို လုပ်ဆောင်နိုင်သလို ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း ပယ်ဖျက်နိုင်တယ်လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနက အမည်ပျက်စာရင်းပေးပို့လာရင်လည်း အမည်ပျက်စာရင်း ထည့်သွင်းတဲ့ တာဝန်ကိုပါ ဥပဒေမှာ အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်ကို မမှန်ကန်တဲ့ အချက်အလက်တွေနဲ့ လျှောက်တာ ၊ အခြားသူကို ဌားရမ်းတာ၊ အတုလုပ်ပြီး ကိုင်ဆောင်တာနဲ့ ရောင်းချတာတွေအတွက် အနည်းဆုံး ထောင်ဒဏ် ၃ လကနေ အများဆုံး ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.