ဘန်ကောက်၊ မတ် ၇

ဆေးခြောက်၊ ဘိန်းစာရွက်နဲ့ မက်သာဖက်တမင်း အပါအဝင် ထိုင်းလူငယ်တွေရဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုဟာ အရေးကြီးတဲ့ ပြဿနာအဆင့်သို့ ရောက်ရှိလာနေပြီ ဖြစ်ကြောင်း ထိုင်းကျန်းမာရေး တိုးတက်ရေး ဖောင်ဒေးရှင်း ThaiHealth ရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

ထိုင်းမှာ မူးယစ်ဆေး ဝယ်ရတာ အရမ်း လွယ်ကူနေကြောင်းလည်း အဲဒီ လေ့လာချက်မှာ ရေးပါတယ်။

ပြည်သူ့ကျန်းမာရေး ရင်းမြစ်တွေ မလုံလောက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ အဲဒီ ပြဿနာကို အရေးပေါ် ဖြေရှင်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ThaiHealth ရဲ့ အဓိက အန္တရာယ် ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း ကာကွယ်ရေးရုံး ညွှန်ကြားရေးမှူး ရွမ်ဂါရမ်က ပြောပါတယ်။

လူငယ် စောင့်ကြည့်လေ့လာရေးနဲ့ ကာကွယ်ရေးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အတွင်း ရာဇဝတ်မှုနဲ့ အရေးယူခံရတဲ့ လူငယ် ၁၃၆၃၁ ဦး ရှိပြီး သူတို့ထဲက ၈၉၇၁ ဦးဟာ မူးယစ်ဆေး သုံးစွဲဖူးတဲ့ ရာဇဝင်ရှိသူတွေ ဖြစ်ကြောင်း သိရပါတယ်။

အများစုဟာ အလယ်တန်းထက် နိမ့်တဲ့ အတန်းတွေမှာ ပညာသင်နေဆဲ လူငယ်တွေ ဖြစ်ပြီး အဲဒီနောက်မှာ ကြီးကောင်ဝင်စ အရွယ်တွေကနေ အလုပ်သင်တန်း တက်နေကြတဲ့ အသက် ၂၀ ကျော် လူငယ်တွေအထိ ပါဝင်နေတယ်လို့ ညွှန်ကြားရေးမှူး ရွမ်ဂါရမ်က ဆိုပါတယ်။

ပညာသင်ခါစ အရွယ်ကတည်းက ထိုင်းလူငယ်တွေ မူးယစ်ဆေး သုံးနေကြတာ တွေ့ရတဲ့ အတွက် ဒါဟာ အရေးတကြီး ဖြေရှင်းဖို့ လိုနေပြီ ဖြစ်တဲ့ ပြဿနာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မူးယစ်ဆေးသုံးတဲ့ လူငယ်တွေထဲမှာ အသက် ၁၁ နှစ်အထိ ငယ်တဲ့ အရွယ်တွေ ပါဝင်နေတာ တွေ့ရကြောင်း ရွမ်ဂါရမ်က ပြောပါတယ်။

ထိုင်းလူငယ်တွေကြား မက်သာဖက်တမင်း သုံးစွဲမှု အများဆုံး ဖြစ်ပေမယ့် ဆေးခြောက်နဲ့ ဘိန်းစာရွက်တို့ကို တရားဝင် သုံးခွင့် ပေးလိုက်ပြီးနောက်ပိုင်း သုံးစွဲသူ လူငယ်တွေ ပိုများလာကြောင်း စာရင်းဇယားတွေက ဖော်ပြထားပါတယ်။

ထိုင်းလူငယ်တွေကြား မူးယစ်ဆေးဝါးတွေကို ရောစပ် အသုံးပြုမှုတွေ ပိုများလာတာ တွေ့ရကြောင်းလည်း အရာရှိတွေက ပြောပါတယ်။

အွန်လိုင်း ဈေးကွက်တွေကလည်း မူးယစ်ဆေးဝါး ရောင်းချမှုကြောင့် ထိုင်းနိုင်ငံမှာ မူးယစ်ဆေး ဝယ်ယူရတာ အရမ်း လွယ်ကူနေတယ်လို့ သိရပါတယ်။

အရင်က လူငယ်တွေ မူးယစ်ဆေးသုံးရင် အများပြည်သူ သွားလာရာနေရာတွေမှာ သုံးစွဲကြတာ ဖြစ်ပေမယ့် အခုအချိန်မှာ အခန်းတွေ၊ ရေကူးကန်တွေ လုံးချင်း အိမ်တွေနဲ့ အပန်းဖြေစခန်းတွေမှာ နေရာပြောင်းသုံးပြီး ဖမ်းဆီးမခံရစေဖို့ သုံးစွဲရာ နေရာပြောင်းလာကြတယ်လို့လည်း သိရပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.