ဝါရှင်တန်၊ မတ် ၆
အီရန်ရဲ့ ခေါင်းဆောင် အသစ်ရွေးချယ်မှုမှာ အမေရိကန် ဝင်ပါရမှာ ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က မတ် ၅ ရက်မှာ ရိုက်တာ သတင်းဌာနသို့ ပြောလိုက်ပါတယ်။
အီရတ်မှာ အခြေစိုက်တဲ့ ကာ့ဒ်တပ်ဖွဲ့တွေ အီရန်နိုင်ငံထဲ ဝင်ရောက်ပြီး အီရန် လုံခြုံရေး တပ်တွေကို တိုက်ခိုက်မယ်ဆိုရင် သိပ်ကောင်းလိမ့်မယ်လို့လည်း ထရန့်က ပြောပါတယ်။
အီရန်ရဲ့ နောင်တက်လာမယ့် ခေါင်းဆောင်ဟာ သေဆုံးသွားတဲ့ အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ သား ဖြစ်လာဖွယ် မရှိဘူးလို့ ထရန့်က ဖုန်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။
စစ်ပွဲ စတင်ချိန် တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားတဲ့ ဖခင်ဖြစ်သူ ခါမေနီရဲ့ နေရာကို ဆက်ခံဖို့ သူ့ရဲ့ သားဖြစ်သူ တစ်ပြေးနေပါတယ်။
အဲဒီ ပုဂ္ဂိုလ်ကို ကျွန်တော်တို့ အီရန်နဲ့ အတူရွေးချယ်ရပါလိမ့်မယ်။ အဲဒီ ပုဂ္ဂိုလ်ကို ကျွန်တော်တို့ ရွေးချယ်ရပါလိမ့်မယ်လို့ ထရန့်က ပြောပါတယ်။
အီရန် ကာ့ဒ်တပ်ဖွဲ့တွေ ထိုးစစ်ဆင်ကြဖို့လည်း ထရန့်က တိုက်တွန်းထားပါတယ်။ အမေရိကန်နဲ့ အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို တိုက်ခိုက်ပြီးနောက် ၆ ရက်အကြာမှာ ထရန့်က အခုလိုမျိုး ပြောဆိုလာတာပါ။
အီရန် ပဋိပက္ခကြောင့် အမေရိကန် စစ်မှုထမ်း ၆ ဦး အပါအဝင် လူ ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတဝှမ်း ထိခိုက်ပျက်စီးမှုတွေ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ ပါတယ်။
အီရန်မှာ ခေါင်းဆောင်သစ် ဆက်ခံမှုနဲ့ ပတ်သက်လို့ ရီပက်ဘလေကန် သမ္မတ ထရန့်က ဗင်နီဇွဲလားနဲ့ ယှဉ်ပြီး ပြောဆိုပါတယ်။
အမေရိကန်က ဇန်နဝါရီလအတွင်း ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ရောက်ပြီး သမ္မတ နီကိုလာ့စ် မာဒူရိုကို ဖမ်းဆီးခဲ့ပါတယ်။
ဒါကြောင့် ဗင်နီဇွဲလားကို လောလောဆယ်မှာ ဒုသမ္မတ ဒယ်လ်စီ ရိုဒရီဂွတ်ဇ်က တာဝန်ယူထားပါတယ်။
အီရန်နိုင်ငံကို အနာဂတ်ဆီ ဦးဆောင်မယ့် ပုဂ္ဂိုလ်ကို ရွေးချယ်တဲ့ လုပ်ငန်းစဉ်မှာ ကျွန်တော်တို့ ပါဝင်ချင်ပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုး ထပ်ထပ်ပြီး မလုပ်ရစေဖို့ အတွက် ဖြစ်ပါတယ်လို့ ထရန့်က ဆိုပါတယ်။
ခါမေနီရဲ့ သားဖြစ်သူ မို့ချ်တာဘာဟာ ဖခင်ဖြစ်သူရဲ့ အရိုက်အရာကို ဆက်ခံနိုင်သူအဖြစ် ထွက်ပေါ်လာပြီးနောက် ထရန့်က သူမဖြစ်လာနိုင်ဘူးလို့ ပြောကြားပေမယ့် အသေးစိတ် မပြောပါဘူး။
နောက်ဆုံး ရှားဘုရင်ရဲ့ သားတော် အီရန် တော်ဝင်မင်းသား ရီဇာ ဖာလာဗီ ခေါင်းဆောင်သစ် ဖြစ်လာနိုင်သလားလို့ မေးမြန်းရာမှာ ထရန့်က ပြောဆိုဖို့ အချိန် အရမ်း စောသေးတယ်လို့ ပြောပါတယ်။
အီရန် အနောက်ပိုင်းမှာ ကြားဝင်ပါဖို့ စဉ်းစားနေတဲ့ အီရန် ကာ့ဒ်တပ်ဖွဲ့တွေကို လေကြောင်း ပစ်ကူပေးပြီး ကူညီမှာလား ဆိုတဲ့ မေးခွန်းကို သူက သူ့အနေနဲ့ မပြောနိုင်သေးပေမယ့် ကာ့ဒ်လူမျိုးတွေရဲ့ ဦးတည်ချက်ဟာ အနိုင်ရဖို့အတွက်ပဲ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
အီရန် အနောက်ပိုင်းရှိ အီရန် လုံခြုံရေး တပ်ဖွဲ့တွေကို တိုက်ခိုက်မှာလား၊ ဘယ်ပုံဘယ်နည်း တိုက်ခိုက်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ အီရန် ကာ့ဒ်တပ်ဖွဲ့တွေက အမေရိကန်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုင်ပင် ဆွေးနွေးခဲ့ကြောင်း သတင်းရင်းမြစ် သုံးခုက ပြောပါတယ်။
ထရန့်က အီရန်အနီး အဓိက သင်္ဘောလမ်းကြောင်း ဖြစ်တဲ့ ဟောမု့စ် ရေလက်ကြား ဆက်လက် ဖွင့်လှစ်ထားမယ်လို့ ယုံကြည်ကြောင်းလည်း အရိပ်အမြွက် ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Reuters

