တနင်္သာရီ၊ မတ် ၇

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ခြောက်မိုင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် အရာရှိတစ်ဦးအပါအဝင် စစ်ကော်မရှင်တပ်သား လေးဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်လောက်မှာ တပ်အင်အား ၆၀ ဝန်းကျင်နဲ့ ခြောက်မိုင်ကျေး ရွာဘုန်းကြီးကျောင်းမှာ လာရောက်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်တွေက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၂ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါအပြင် နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော် ၃ ဦး မစိုးရိမ် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် ခြောက်မိုင်ကျေးရွာကနေ ပြန်လည်ဆုတ်ခွာခဲ့သလို မတ်လ ၅ ရက်နေ့မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်အချိန် ဒရုန်းတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ် သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ ခြောက်မိုင်ကျေးရွာဟာ တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး လက်ရှိမှာတော့ ခြောက်မိုင်ကျေးရွာမှာ စစ်ကော်မရှင်တပ်သားတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကလည်း တနင်္သာရီမြို့နယ် တမုတ်ချုံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား တစ်ပတ်ကျော်အကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.