နယူးယောက်၊ မတ် ၄
နျူကလီးယား ပစ္စည်းတွေအပြင် မူးယစ်ဆေးဝါးနဲ့ လက်နက် မှောင်ခိုကူးမှုအတွက် ပြစ်မှု ထင်ရှားတဲ့ ဂျပန် ယာကူဇာ ရာဇဝတ် အဖွဲ့ဝင် တစ်ဦးကို အမေရိကန်တရားရုံးက မတ်လ ၃ ရက်မှာ ထောင်ဒဏ် နှစ်၂၀ ချမှတ်လိုက်ပါတယ်။
အမေရိကန် မူးယစ်ဆေးဝါး တားဆီးရေး အေဂျင်စီက နှစ်များစွာကြာ စုံစမ်း စစ်ဆေးခဲ့ပြီးနောက် တာကီရှီ အီဘီဆာဝါဟာ သူ့ရဲ့ အမူတွဲ ထိုင်းတရားခံ ဆွမ်ပေါ့ ဆန်ဂါဆီရီနဲ့ အတူ မူးယစ်ဆေးဝါး၊ လက်နက် စွဲချက်တွေနဲ့ ၂၀၂၂ ခုနှစ် ဧပြီလကတည်းက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့တွေအတွက် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ အပါအဝင် လက်နက် ဝယ်ယူပေးရေး ဘိန်းဖြူနဲ့ မက်သာဖက်တမင်းတွေနဲ့အတူ စစ်ဖက်သုံး နျူကလီးယား ပစ္စည်းတွေကို ရောင်းချဖို့ ကြိုးပမ်းခဲ့တယ်လို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာစွပ်စွဲခံခဲ့ရပါတယ်။
သူဟာ ၂၀၂၅ ဇန်နဝါရီက စုစုပေါင်းစွဲချက် ၆ ခုအတွက် အပြစ်ရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။
အီဘီဆာဝါဟာ အီရန်သို့ နျူကလီးယား ပစ္စည်းများ ရောင်းချဖို့ ကြိုးပမ်းမှု နယူးယောက်သို့ မူးယစ်ဆေးဝါးများ တင်ပို့ဖို့ ကြိုးပမ်းမှု အပါအဝင် သူ့ရဲ့ ရာဇဝတ်မှုတွေအတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရကြောင်း အမျိုးသား လုံခြုံရေးဆိုင်ရာ လက်ထောက် ရှေ့နေချုပ် ဂျွန်အီစိန်ဘာ့ဂ်က ပြောပါတယ်။
အီဘီဆာဝါဟာ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ဆီကနေ နျူကလီးယား ပစ္စည်းတွေကို အီရန်သို့ ရောင်းချရေးနဲ့ မြန်မာ လက်နက်ကိုင်အဖွဲ့တွေအတွက် အဆင့်မြင့် လက်နက်တွေ ဝယ်ယူပေးရေး ကြားခံ ဆောင်ရွက်နေချိန်မှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
သူ့ကို အမေရိကန်က အချိန်တော်တော်ကြာ စောင့်ကြည့်ပြီးနောက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး မတ် ၃ ရက်ကမှ ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
Ref:AFP

