သထုံ၊ ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ် သထုံမြို့ လိပ်အင်းရပ်ကွက်နဲ့ပေါ်တော်မူကျေးရွာတို့က ဒေသခံ အမျိုးသား နှစ်ဦးကို စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်မှာ သထုံမြို့ လိပ်အင်းရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ် ကိုစံကွားကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာပါ။
အဲဒီနောက် သထုံမြို့ ပေါ်တော်မူကျေးရွာ ဘုရားလမ်းရှိ နေအိမ် တစ်အိမ်ကို ဝင်ရောက်စီးနင်းပြီး အမျိုးသား တစ်ဦးကို ထပ်မံဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အဲဒီဒေသခံ နှစ်ဦးကို ဖမ်းဆီးရာမှာ လက်နက်အပြည့်အစုံနဲ့ ရန်သူ့စခန်းဝင်စီးတဲ့ ပုံစံမျိုး လုပ်ဆောင်သွားတာကြောင့် အနီးပတ်ဝန်းကျင် နေအိမ်တွေက စိုးရိမ်ကြောက်လန့်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရတဲ့ ဒေသခံ နှစ်ဦးမှာ တစ်ဦးဟာ ဆံပင်ညှပ်လုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပြီး ကျန် တစ်ဦးက ဈေးရောင်းသူ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ အမျိုးသား နှစ်ဦးကို စစ်ကော်မရှင်ဘက်က ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသလို မိသားစုဝင်တွေကလည်း လိုက်လံစုံစမ်းနေကြတယ်လို့ ဆိုပါတယ်။
သထုံမြို့နယ်မှာ စစ်ကော်မရှင်ဟာ ဒေသခံလူငယ်တွေကို အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးပြီးနောက် စစ်မှုထမ်း တပ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေသလို ဖမ်းဆီးခံလိုက်ရတဲ့ တချို့ဒေသခံတွေ သတင်းအစအန မရဘဲ ပျောက်ဆုံးတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

