မြဝတီ၊ ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ် မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ကျေးရွာအနီးမှာ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေ လုပ်ကိုင်နေကြတဲ့ တရားမဝင်ပြည်ပနိုင်ငံသား ၁၅၆ ဦးကို ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မေတ္တာလင်းမြိုင်ကျေးရွာအနီးမှာ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသား ၁၄၈ ဦး၊ ထိုင်းနိုင်ငံသား ၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၃ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးနဲ့ ရုရှားနိုင်ငံသားတစ်ဦး စုစုပေါင်း ၁၅၆ ဦးတို့ကို RC ၅ ထပ်အဆောက်အဦးတစ်ခုအတွင်းမှာ ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာပါ။

အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာမှာ အသုံးပြုတဲ့ All in One ကွန်ပျူတာအလုံး ၁၁၀၊ မိုဘိုင်းဖုန်းအလုံး ၂၂၀ နဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ဖော်ထုတ်ရှင်းလင်းမှုတွေကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလိုဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တဲ့ ပြည်ပနိုင်ငံသားတွေကို မြဝတီမြို့မရဲစခန်းမှာ ထိန်းသိမ်းထားရှိပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ မှတ်တမ်းတွေ စာရင်းကောက်ယူခြင်းလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ စစ်ကော်မရှင်က ဆိုထားပါတယ်။
ဖမ်းဆီးရမိတဲ့ တရားမဝင်အွန်လိုင်းလောင်းကစားမှုတွေ၊ အွန်လိုင်းလိမ်လည်မှုတွေအပါအဝင် ဒုစရိုက်မှုလုပ်ငန်းတွေမှာပါဝင်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကိုလည်း ထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ကျေးရွာဟာ နယ်ခြားစောင့်တပ် BGF အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောမုတ်သုန် ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်ကြပြီး ဗိုလ်မှူးချုပ်စောမုတ်သုန်ရဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းတွေ အများအပြားကျန်ရှိနေသေးတယ်လို့ မြဝတီဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

