ဘီးလင်း၊ ဖေဖော်ဝါရီ ၂၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာ ဘီးလင်း – နှင်းပုလဲလမ်းပိုင်းမှာ လူငယ် ငါးဦး စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်လောက်က အလုပ်ကနေ ပြန်လာတဲ့ လူငယ် ငါးဦးကို စစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက ဘီးလင်း – နှင်းပုလဲလမ်းပိုင်းမှာ ဖမ်းဆီးခဲ့တာပါ။
စစ်မှုထမ်း ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ အသက် ၂၀ အရွယ်ကနေ ၃၅ နှစ်အရွယ်ကြားရှိတဲ့ ပန်းရံအလုပ်သမားတွေ ဖြစ်ပြီး ဘီးလင်းကနေ နှင်းပုလဲကျေးရွာထံ ပြန်လာစဉ် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ အဲဒီလူငယ်တွေဟာ အမျိုးသား နှစ်ဦး ဆိုင်ကယ်မစီးရဆိုတဲ့ ဒေသန္တရအမိန့် ဖောက်ဖျက်မှု စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး စစ်မှုထမ်း တပ်သား စုဆောင်းခဲ့တာပါ။
ဖမ်းဆီးသွားတဲ့ လူငယ် ငါးဦးကိုတော့ သထုံအခြေစိုက် အမှတ် ၉ လေ့ကျင့်ရေးတပ်ထံ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဘက်က ငွေကြေးနဲ့ သွားရောက်ညှိနှိုင်းပေမယ့် တွေ့ခွင့်မရဘူးလို့ ဆိုပါတယ်။
ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ဟာ ဒေသတွင်းက လူငယ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး စစ်မှုထမ်းတပ်သား စုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၂ အထိ လူငယ် ၄၅၀၀ နီးပါး စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်

