မော်လမြိုင်၊ဖေဖော်ဝါရီ ၂၄
ကမ္ဘာတစ်ဝှမ်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ စစ်ပွဲလက်ကျန်ပစ္စည်းတွေအကြောင်း မှတ်တမ်းတင်နေတဲ့ Landmine Monitor ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့အပေါ်မှာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။
Landmine Monitor အဖွဲ့က နောက်ဆုံးထုတ်ပြန်တဲ့ ၂၀၂၅ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ စစ်ပွဲလက်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ အများဆုံးရှိတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။
တစ်နှစ်အတွင်း ထိခိုက်သူအရေအတွက်က နှစ်ဆကျော်တက်သွားခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်မှာ လူ ၂,၀၂၉ ဦး သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ပြီး၊ ၂၀၂၃ ခုနှစ်မှာ ၁,၀၀၃ ဦး၊ ၂၀၂၂ ခုနှစ်မှာတော့ ၅၄၅ ဦး ရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ ပိုပြီးဆိုးရွားလာတာကို ဒီကိန်းဂဏန်းတွေက ပြသနေပါတယ်။ ထိခိုက်သူ ၈၆ ရာခိုင်နှုန်းဟာ ပြည်သူတွေ ဖြစ်ပြီး အများစုက လူထိမိရင် ပေါက်ကွဲတဲ့ မိုင်းတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၉၉ ခုနှစ်ကစလို့ မြန်မာနိုင်ငံအတွက် အချက်အလက်စုဆောင်းထားတဲ့ မှတ်တမ်းအရ လူပေါင်း အနည်းဆုံး ၉,၂၀၆ ဦး မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်မိုင်းတွေကြောင့် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ပါတယ်။
ဒါပေမယ့် တကယ့်လက်တွေ့မှာ ဒီအရေအတွက်ထက်ပိုနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
အစီရင်ခံစာအရ စစ်တပ်ဘက်က လူကိုပစ်မှတ်ထားတဲ့ မိုင်းတွေကို ဆက်လက်ထုတ်လုပ်ပြီး မကြာခဏလည်း အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။
တခြားဘက်ကလည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မိုင်းတွေ ထောင်ထားတာရှိပြီး ၂၀၂၄–၂၀၂၅ ခုနှစ်အတွင်း မိုင်းအသုံးပြုမှု သိသိသာသာ တိုးလာခဲ့တယ်လို့ အစီရင်ခံစာမှာ ဆိုပါတယ်။
၂၀၂၅ အောက်တိုဘာလအထိ မြို့နယ် ၃၃၀ ထဲက ၂၁၁ မြို့နယ်မှာ မိုင်း ဒါမှမဟုတ် ပေါက်ကွဲစေတတ်တဲ့ ကျန်ရစ်ပစ္စည်းတွေ ရှိနိုင်တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂက မြန်မာနိုင်ငံကို “မြေမြှုပ်မိုင်းတွေနဲ့ ပြန့်ကျဲနေတဲ့ နိုင်ငံ” လို့ ဖော်ပြခဲ့ဖူးပါတယ်။
ဒါ့အပြင် စစ်တပ်က ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ မိုင်းရှိနိုင်တဲ့နေရာတွေမှာ စစ်သားတွေအရှေ့ လမ်းလျှောက်ခိုင်းတာမျိုးတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးဥပဒေကို ပြင်းထန်စွာ ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။
အခြေအနေတွေ ဆိုးရွားနေပေမယ့် မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ် မိုင်းတားမြစ်ရေးစာချုပ်မှာ မပါဝင်သေးပါဘူး။ ကုလသမဂ္ဂမှာ ထောက်ခံမဲပေးတာရှိပေမယ့် တကယ်လက်တွေ့ ဝင်ရောက်ဖို့ သဘောတူတာ မရှိသေးပါဘူး။
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာနဲ့ ဆေးရုံဆေးခန်းတွေကို တိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရသူတွေ ဆေးကုသခွင့်ရဖို့ ပိုပြီးခက်ခဲလာပါတယ်။ အပြည်ပြည်ဆိုင်ရာ မိုင်းရှင်းလင်းရေးအဖွဲ့တွေကိုလည်း နိုင်ငံအတွင်း ဝင်ခွင့်မပေးထားသေးပါဘူး။
လူသားချင်းစာနာထောက်ထားရေးအဖွဲ့တွေကတော့ မိုင်းအသုံးပြုမှုကို ချက်ချင်းရပ်တန့်ပြီး စနစ်တကျ မိုင်းရှင်းလင်းရေး မလုပ်နိုင်ရင် တိုက်ပွဲရပ်နားပြီးတဲ့နောက်ပိုင်းတောင် ပြည်သူတွေက ဆက်လက်ဒဏ်ရာရ၊ အသက်ဆုံးရှုံးနေရမယ်လို့ သတိပေးထားပါတယ်။
Ref:BNI

