နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

တတိယအကြိမ် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွေကို လာမယ့် မတ် ၂၀ ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ စစ်ကော်မရှင်က ဖေဖော်ဝါရီ ၂၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော် အစည်းအဝေး ခေါ်ယူမယ့် နေ့ရက်ကို စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်လာပါတယ်။

အဲဒီအမိန့်အရ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ခန့်အပ်ခံထားရတဲ့သူတွေအနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

တိုင်းနဲ့ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော် အစည်းအဝေး ဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မတ်လ ၁၅ ရက်နေ့ထက် နောက်မကျစေဘဲ သတင်းပို့ကြဖို့ စစ်ကော်မရှင်ဘက်က အသိပေးထားပါတယ်။

စစ်ကော်မရှင်ဟာ လာမယ့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့၊ အမျိုးသားလွှတ်တော် အစည်းအဝေးကို မတ်လ ၁၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။

ဒါကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အစည်းအဝေး တက်ကြဖို့ မတ်လ ၁၁ ရက်နေ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မတ်လ ၁၃ ရက်နေ့ထက် နောက်မကျစေဘဲ သတင်းပေးပို့ကြဖို့ ညွှန်ကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.