သရက်ချောင်း၊ ဖေဖော်ဝါရီ ၁၉
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာနဲ့ကနက်သီရိကျေးရွာတို့မှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်လောက်မှာ ကနက်သီရိကျေးရွာကို လေကြောင်းကနေ ပေါင် ၃၀၀ ဗုံး တစ်လုံး လာရောက်ကြဲချသွားတာပါ။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာလည်း မင်းဒပ်ကျေးရွာကို လေကြောင်းကနေ ဗုံး နှစ်လုံး ထပ်မံကြဲချသွားတာပါ။
စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုအတွင်း ကနက်သီရိကျေးရွာက နေအိမ် ၁၀ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ပြီး မင်းဒပ်ကျေးရွာ ဗုံးကြဲမှုမှာတော့ ထိခိုက်ပျက်စီး အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ဗုံးကြဲမှုကြောင့် မင်းဒပ်၊ ကနက်သီရိ၊ သဲချောင်းကြီး၊ သဲချောင်းလေး၊ စုံစင်ဖျား၊ ဝင်းဝရွာတွေအပါအဝင် ကျေးရွာ ၁၀ ကျော်က ဒေသခံ ၅၀၀၀ ထက်မနည်း စစ်ရှောင်နေရပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က အချိန်မရွေး လာရောက်ဗုံးကြဲနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ဆိုင်ရာ သတိပေးချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

