မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၀

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၂ သင် တန်းအတွက် ဒေသတွင်းက လူငယ် ၃၀၀ နီးပါး စစ်သားစုဆောင်းခံလိုက်ရတယ်လို့ စစ်ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကော်မရှင်ဟာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၂ သင်တန်းဖွင့်ပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၄ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းမှာ ပြုလုပ်ခဲ့တာပါ။

စစ်ကော်မရှင်ရဲ့ ဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရ မွန်ပြည်နယ်မှာ ဖွင့်လှစ်တဲ့ စစ်မှုထမ်း အပတ်စဉ် ၂၂ သင်တန်းအတွက် သင်တန်းသား ၃၀၀ နီးပါး ရှိပြီး အရင်လတွေကထက် သင်တန်းသား များနေတာကို တွေ့ရပါတယ်။

စစ်ကော်မရှင်နဲ့ နီးစပ်သူ တစ်ဦးကတော့ စစ်မှုထမ်း အပတ်စဉ် ၂၂ မှာ သင်တန်းသား များလာတာဟာ ဒေသတွင်းက လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်သားစုဆောင်းခဲ့တာကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီလတော့ အရင်ကထက် လူနည်းနည်း များတာပေါ့။ များဆို ပေါ်တာဆွဲ ထားတဲ့ လူငယ်တွေ များတာကိုး။ ပထမတော့ ရွေးကောက်ပွဲ ကာလမှာ နည်းနည်း ငြိမ်နေတာ။ အခုက အရင်လို ပြန်ဆွဲနေတယ်လေ။ သင်တန်းအတွက် လူတွေကို အရင်လို ပိုက်ဆံပေးပြီး ခေါ်လို့မှ မရတော့တာ။ ရရင် ရသလိုဆွဲပြီး သင်တန်းပို့ နေတာလေ”လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ စစ်မှုထမ်း အပတ်စဉ် ၂၂ သင်တန်းအတွက် ဖေဖော်ဝါရီ ပထမအပတ်ကစလို့ လူငယ်တွေကို စီမံချက် ချကာ ဖမ်းဆီးခဲ့သလို တချို့ လူငယ်တွေကိုတော့ စစ်မှုထမ်း မဲပေါက်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တွေအထိ လာရောက် ဖမ်းဆီးခဲ့တာပါ။

ဒါ့အပြင် လူငယ်တွေကို မသင်္ကာဖူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာ၊ ဆိုင်ကယ် အမျိုးသား နှစ်ယောက် မစီးရ သတ်မှတ် ထားတဲ့နေရာမှာ နှစ်ယောက် စီးပါက ဖမ်းဆီးတာ၊ အလုပ်သွား အလုပ်ပြန်တွေမှာ ဖမ်းဆီးတာအပြင် နည်းအမျိုးမျိုးနဲ့ ပေါ်တာဆွဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၂ အထိ လူငယ် ၄၅၀၀ နီးပါး စစ်သားစုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.