တနင်္သာရီ၊ ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
ကျွန်းစုမြို့နယ်ကနေ တနင်္သာရီမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် နေ့လည်ပိုင်းမှာ လယ်သစ်ကျေးရွာနဲ့ ပန်းတောမော်ကျေးရွာတို့ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာပါ။
ဒရုန်းနဲ့ဗုံးကြဲခံရတာကြောင့် ပန်းတောမော်ကျးရွာနေ အသက် ၅၀ အရွယ် ဒေါ်စန်းမော်နဲ့ လယ်သစ်ကျေးရွာနေ အသက် ၂၆ နှစ်အရွယ် ကိုရဝေထွန်းတို့ နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျွန်းစုမြို့နယ် မောင်းလှော်ကျေးရွာမှတစ်ဆင့် တနင်္သာရီမြို့နယ်ထဲကို အင်အား ၄၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးအင်အားစုတွေ ရှိနိုင်တဲ့ နေရာတွေကို ဒရုန်းနဲ့ကင်းထောက်ပြီး ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုဟာ ဖေဖော်ဝါရီလအတွင်း တနင်္သာရီမြို့နယ်ဘက်ကို နယ်မြေရှင်းလင်းဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် လယ်သစ်၊ သာရဖုံနဲ့ ပ၀ စတဲ့ ကျေးရွာတွေက ဒေသခံအများအပြားဟာ ရွာလုံးကျွတ် နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

