ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကစလို့ အင်အား ၂၅၀ လောက်ရှိတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ကျိုက်ထိုမြို့နယ်ရှိ ခရွဲကျေးရွာအုပ်စုနဲ့ဝင်းကံကျေးရွာအုပ်စုထဲမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းမှာလည်း ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းကျေးရွာမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ကျောက်ရေတွင်းကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ ဒေသခံ ၆၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်ကော်မရှင်တပ် စစ်ကြောင်း ပြန်မထွက်သေးတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

ကျိုက်ထိုတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ လေးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရှိထားပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျိုက်ထိုမြို့နယ် အလူးကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနဲ့ဝင်းကံကျေးရွာအုပ်စုရှိ ရွာပေါင်း ၁၉ ရွာက ဒေသခံ ၁၂၀၀၀ ကျော် စစ်ရှောင်နေရတာပါ။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ အရေးပေါ်လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေဖြစ်တဲ့ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ KNU ဗဟိုက အသိပေး ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.