ကျောက်တော်၊ ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက် ခိုက်မှုကြောင့် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီအချိန်လောက်မှာ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်နဲ့ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး နှစ်လုံးစီ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။
စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်က အရပ်သားပြည်သူ လေးဦး သေဆုံးပြီး ကိုးဦး ပြင်းထန်နဲ့ အလတ်စားဒဏ်ရာရရှိခဲ့တယ်လို့ AA က ဆိုပါတယ်။
အလားတူ မြောက်ဦးမြို့ ဗုံးကြဲမှုမှာ လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် မိဘနှစ်ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့တဲ့အပြင် နောက်ထပ် ပြည်သူ ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အဆောက် အအုံ အများအပြား ပျက်စီးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ ဂျက်တိုက်လေယာဉ်နဲ့ ကင်းထောက်လေယာဉ် အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေကို အရင်ကထက် ပိုမိုပြုလုပ်လာတာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းရန် တွေကို ပိုမို သတိရှိကြဖို့ AA က ထပ်မံအသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း သံတွဲမြို့အမှတ် ၃ ရပ်ကွက်မှာ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၉ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AA

