မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၃

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ လာမယ့် မွန်ပြည်နယ် လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ် ရှစ်ဦး အမည်စာရင်း ပေးပို့လာတယ်လို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီ ၁၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

စစ်ခေါင်းဆောင် ပေးပို့တဲ့ တပ်မတော်သား ကိုယ်စားလှယ် ရှစ်ဦးမှာ ဗိုလ်မှူးချုပ် အောင်ဝင်းသန်း၊ လက်ရှိ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ဗိုလ်မှူးကြီး မောင်မောင်လတ်၊ ဗိုလ်မှူး ညီဗိုလ်ဗိုလ်စိုး၊ ဗိုလ်မှူး ဒေါ်ငုဝါကြည်၊ ဗိုလ်မှူး ဒေါ်သက်သက်စိုး၊ ဗိုလ်ကြီး ဒေါ်မြင့်မြင့်နွယ်၊ ဗိုလ်ကြီး ဒေါ်သူဇာတို့ ဖြစ်ပါတယ်။

ထူးခြားမှုအနေနဲ့ စစ်ခေါင်းဆောင် ပေးပို့တဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် တပ်မတော်သား ကိုယ်စားလှယ် နေရာတွေမှာ အမြင့်ဆုံး ဗိုလ်မှူးကြီးအဆင့်ကိုသာ တွေ့ရပေမယ့် မွန်ပြည်နယ် လွှတ်တော်မှာတော့ ဗိုလ်မှူးချုပ်အဆင့်ထိ ခန့်အပ်ထားတာ တွေ့ရပါတယ်။

သံလွင်တိုင်းမ်ရဲ့ လေ့လာမှုတွေအရ ရေတပ်ကနေ လာတဲ့ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းဟာ လက် ထောက်တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်အထိ တာဝန်ထမ်းဆောင်ဖူးပြီး စစ်ခေါင်းဆောင် ချီးမြှင့်တဲ့ တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်တွေလည်း ရရှိဖူးပါတယ်။

သထုံမြို့နယ် အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်သူက လက်ရှိ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ လောင်းကစားနဲ့ ပတ်သက်ပြီး နာမည်ပျက်တွေ ရှိတဲ့အတွက် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို ဝန်ကြီးချုပ် တင်မြှောက်ဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဝန်ကြီးချုပ် အောင်ကြည်သိန်းက လောင်းကစားဝိုင်းတွေနဲ့ ပတ်သက်ပြီး သူက နာမည်ပျက်တွေ ဆိုရှယ်မီဒီယာမှာရော သူ့ရဲ့ ကြံ့ခိုင်ရေး အသိုင်းအဝိုင်းမှာရော အဲတာတွေ ကြားနေ တွေ့နေရတယ်။အဓိက ကတော့ ဒီလွှတ်တော် ကိုယ်စားလှယ်ဖြစ်မှ ဝန်ကြီးချုပ်ခန့်လို့ ရတာကို လွှတ်တော် ဥပဒေ နည်းဥပဒေအရဆိုတော့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရင်သွင်းပြီးတော့မှ ကိုယ်စားလှယ်တွေကနေပြီး ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မယ့် သဘောလို့ပဲ မြင်တာပေါ့‌နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေအရ တခြားဝန်ကြီးတွေကို ပြင်ပက ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေကို ခန့်အပ်လို့ ရပေမယ့် ဝန်ကြီးချုပ်ဟာ ကိုယ်စားလှယ်တွေထဲကသာ ဖြစ်ရမှာ ဖြစ်တာကြောင့် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းဟာ ဝန်ကြီးချုပ် ဖြစ်လာဖို့ များတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ခေါင်းဆောင် ပေးပို့တဲ့ တပ်မတော်သား ကိုယ်စားလှယ် ရှစ်ဦး အမည်စာရင်းအရ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းဟာ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရနိုင်ပြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဆက်ရှိမယ့် အလားအလာ ရှိနေပါတယ်။

လာမယ့် မွန်ပြည်နယ် လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၁၁ ဦး၊ တပ်မတော် ကိုယ်စားလှယ် ရှစ်ဦး၊ မွန်ညီညွှတ်ရေးပါတီက ကိုယ်စားလှယ် ခုနှစ်ဦး ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေဆောင်ပါတီနဲ့ အမျိုးသားအကျိုး စီးပွားတိုးတက်ရေး ပါတီတို့က ကိုယ်စားလှယ် ၁ နေရာစီ၊ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၃၁ နေရာ ရှိနေပါတယ်။

တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးကို စစ်ကော်မရှင်က လာမယ့် မတ်လ တတိယအပတ်အတွင်း ခေါ်ယူသွားဖို့ ပြင်ဆင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.