ပုလော၊ ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ မင်းပြင်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် နားမကြားတဲ့ မသန်စွမ်း အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ တော်လှန် ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက မင်းပြင်ကျေးရွာနေ စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ အသက် ၅၀ ဝန်းကျင်အရွယ် နားမကြားတဲ့ အမျိုးသားတစ်ဦးဟာ ဘုန်းကြီးကျောင်းဘေးရှိ နေအိမ်မှာ ထမင်းပြန်လာချက်စားတဲ့အချိန် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တာပါ။

စစ်ကော်မရှင်ရဲ့ ဒရုန်းဗုံးသီးကြဲချမှုကြောင့် မသန်စွမ်း အမျိုးသားဟာ ခြေထောက်နဲ့ လက်‌တွေ ပြတ် တောက်ခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာပြင်းထန် ဒဏ်ရာရရှိပြီးနောက် သေဆုံးသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း စစ်ကော်မရှင်တပ်ဟာ မင်းပြင်၊ မိန်းမမြို့နဲ့ ဇရပ်ဆိပ် စတဲ့ကျေးရွာတွေကို ဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးသီးကြဲချ တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ကျန်ရှိနေတဲ့ ဒေသခံတွေကိုလည်း တိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ်ကစပြီး ပုလောမြို့ရှိ ပလမြို့အနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေး တင်းမာနေပြီး စစ်ကော်မရှင်တပ်က ကျေးရွာတွေရှိ နေအိမ်တွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.