မကွေး ဖေဖော်ဝါရီ ၆

မကွေးတိုင်း ဆောမြို့နယ် မှာရှိတဲ့ မိအယ်ကျေးရွာကို စစ်ကော်မရှင်က ဖေဖော်ဝါရီ ၅ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ ပြည်သူ ၅ ဦး သေဆုံးတယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆောမြို့နယ် ကျောက်ထုတိုက်နယ်အတွင်းမှာရှိတဲ့ မိအယ်ကျေးရွာကို ညနေ ၄ နာရီ ၅၀ မိနစ်အချိန်မှာ မကွေးဘက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ လေကြောင်းကနေ ပစ်သွားတာပါ။ မပစ်ခင် ကျောက်ထုအမြောက်တပ်ကနေ UAV ဒရုန်းတစ်စီးပျံသန်းခဲ့ပါတယ်။”လို့ ယောအလင်းတန်းက ကိုအောင်ကြီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇၀ ဝန်းကျင် အမျိုးသမီး ၁ ဦး၊ အသက် ၅၀ ကျော်နဲ့ အသက် ၄၀ ကျော် အမျိုးသမီး ၂ ဦး၊ အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ အသက် ၁၀ နှစ်အောက် မိန်းကလေးငယ် ၁ ဦးတို့ သေဆုံးခဲ့ရပြီးအသက် ၅၀ ကျော် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပေါင် ၅၀၀ ဗုံးဒဏ်ကြောင့် မိအယ်ကျေးရွာက နေအိမ် အလုံး ၄၀ လောက် ထိခိုက်ပြီး နေအိမ် ၅ လုံးကတော့ လုံးဝ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က ဇန်နဝါရီလအတွင်းကလည်း ဂန့်ဂေါခရိုင်အတွင်း လေကြောင်းကနေ တိုက်ခိုက်မှု ၂၃ ကြိမ်ကျော်ပြုလုပ်ခဲ့ကာ ပြည်သူ ၃ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ယောအလင်းတန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.