မကွေး ဖေဖော်ဝါရီ ၅
မကွေးတိုင်း အထက်မင်းလှမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကော်မရှင်ဘက်က ၂၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ရဲ့တာဝန်ခံ ကိုဗဟိန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်၊ ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ အထက်မင်းလှမြို့နယ်အတွင်း စစ်ကော်မရှင်နဲ့ USBA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
“အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အထိနာတဲ့အတွက် ပြည်သူလူထုအနေနဲ့ နည်းနည်းလေးဂရုစိုက်ပြီးနေပေးပါ။ စိတ်ပူပါတယ်။ ဒါကြောင့်စစ်ကောင်စီယာဉ်တန်းတွေနဲ့ စစ်ကောင်စီနဲ့ ခပ်ဝေးဝေးမှာနေပေးပါ။ မည်းမည်းမြင်ရင် လိုက်ရမ်းတာမျိုးတွေရှိလို့ဖြစ်ပါတယ်။” လို့ USBA ရဲ့ တာဝန်ခံ ကိုဗဟိန်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ကို တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ စစ်ကော်မရှင်နဲ့အနီးနားမှာနေကြတဲ့ ပြည်သူလူထုတွေအနေနဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်ပြီး စစ်ကော်မရှင်ရဲ့လှုပ်ရှားမှုတွေကိုသတင်းပေးကြဖို့ ကိုဗဟိန်းက တိုက်တွန်းထားပါတယ်။
ဇန်နဝါရီ ၂၉ ရက် ည ၇ နာရီဝန်းကျင်မှာ အထက်မင်းလှမြို့နယ် ရေနံမ ရဲစခန်းကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လို့ စစ်ကော်မရှင်လက်အောက်ခံတွေ ထိခိုက်ဒဏ်ရာရပြီး ညတွင်းချင်း ဆေးရုံပို့ဆောင်ရတာတွေရှိပေမယ့် အတိအကျကိုအတည်ပြုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် ညနေ ၃ နာရီဝန်းကျင်မှာ သရက် – မင်းလှ လမ်းပေါ်ရှိ အထက်မင်းလှမြို့နယ် ဇီးတောကျေးရွာနဲ့ မင်းဂံကျေးရွာကြား ဘွဲ့ကျေးရွာလမ်းပေါက်မှာ ရပ်နားနေတဲ့ လင်းကယ်တိုက်နယ်တဝိုက် ၃ ရက်တာ စစ်ကြောင်းထိုးလှည့်လည်နေတဲ့ စစ်ကော်မရှင်ရဲ့ ကား ၃ စီးနဲ့အင်အား ၉၀ ဝန်းကျင်ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းကို မီတာ ၇၀ ဝန်းကျင်မှာ အနီးကပ် ချဉ်းကပ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၄ ရက်မှာလည်း အဲဒီ စစ်ကြောင်းရဲ့ ကားတစ်စီးကို ရပ်တန့်တဲ့အထိ ဒဟတ်ပင် ရေနံမြေအတွင်းရှိ ကွန်းသွန်းရွာ လမ်းပေါက်မှာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား ၁၅ သေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ကားပေါ်ပါ စစ်ကော်မရှင်တပ်သား အားလုံး ပြန်လည်မပစ်ခတ်နိုင်တဲ့အတွက် သေဆုံး ၃၀ ဝန်းကျင်အထိ တိုးနိုင်တယ်လို့ သိရပါတယ်။
ဒဟတ်ပင်ရေနံမြေအတွင်းတိုက်ပွဲမှာ ကျန်ကား ၂ စီးက လက်နက်ကြီးငယ် ပစ်ကူတွေပေးခဲ့တာကြောင့် လက်နက်သိမ်းဆည်းနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရာကာ USBA ဘက်က အထိခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သားတွေက တိုက်ပွဲ ဖြစ်ပွားရာနေရာကနေ တစ်ဖက်သတ် ပစ်ခတ်တာမျိုးတွေ ဆက်တိုက်ပြုလုပ်ခဲ့ကာ အလောင်းနဲ့ ဒဏ်ရာသူတွေကိုတင်ဆောင်သွားတဲ့ ကားတွေက မင်းလှမြို့ ဘက်သို့ ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – USBA

