တိုင်ပေ၊ ဖေဖော်ဝါရီ ၃
ထိုင်ဝမ်အနေနဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်ကို မဟုတ်ဘဲ မိမိတို့နဲ့ အပေါင်းအပါ ဒီမိုကရေစီနိုင်ငံတွေကို အားကိုးရမှာ ဖြစ်ကြောင်း သမ္မတ လိုင်ချင်းတီက ဖေဖော်ဝါရီ ၃ ရက်မှာ ပြောလိုက်ပါတယ်။
ဉာဏ်ရည်တု AI နဲ့ အရေးပါတဲ့ သတ္တုတွေလို နယ်ပယ်မျိုးတွေမှာ အမေရိကန်နဲ့ ပူးပေါင်း လုပ်ကိုင်နိုင်မယ့် နည်းလမ်းတွေကို အစိုးရက ရှာဖွေနေချိန်မှာ ထိုင်ဝမ်သမ္မတက အခုလိုမျိုး ပြောကြားတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်ဟာ အရေးပါတဲ့ လက်တွဲဖော် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒေါ်နယ် ထရန့် ပထမအစိုးရလက်ထက်က စတင်ခဲ့တဲ့ အဆင့်မြင့် ဖိုရမ်မှာ ထိုင်ဝမ်အရာရှိတွေနဲ့ အမေရိကန် အရာရှိတွေကြား နည်းပညာ ၊ AI နဲ့ ဒရုန်း နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပြီးခဲ့တဲ့သီတင်းပတ်မှာ ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်-ထိုင်ဝမ် စီးပွားရေး သာယာဝပြောရေး လက်တွဲရေး ညီလာခံနဲ့ပတ်သက်လို့ သမ္မတရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ လိုင်က ဆွေးနွေးမှု ရလယ်တွေ ကောင်းမွန်ကြောင်း ပြောပါတယ်။

ထိုင်ဝမ်ဟာ မှန်ကန်တဲ့ စီးပွားရေး လမ်းကြောင်းပေါ်မှာ ရှိနေပြီး သာယာဝပြောတဲ့ နောက်မျိုးဆက် တစ်ဆက်ကို ဦးဆောင်မယ့် ဒီမိုကရက် လက်တွဲဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး စွမ်းပကားလည်း ရှိသလို ယုံကြည်မှုလည်း ရှိကြောင်း သမ္မတက ဆိုပါတယ်။
ထိုင်ဝမ်ရဲ့ အဓိကအတိုက်အခံ ကူမင်ပါတီ ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ စီးပွားရေး နှေးကွေးခဲ့ကြောင်း၊ အတိုက်အခံတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ရပ်တည်မှုတွေ ရှိပေမယ့် ၂၀၁၆ ခုနှစ်မှာ ဒီမိုကရက် တိုးတက်ရေးပါတီ စတင် တာဝန်ယူပြီး နောက်ပိုင်း စီးပွားရေး အလျင်အမြန် တိုးတက်လာခဲ့တယ်လို့ ထိုင်ဝမ်သမ္မတက ပြောပါတယ်။
အမေရိကန်၊ ဂျပန်၊ ဥရောပ တခြား မဟာမိတ်နိုင်ငံတွေနဲ့ မိမိတို့ ဆက်လက် လက်တွဲ လုပ်ကိုင်လိုသလား သို့မဟုတ် ဒါမှမဟုတ် နိုင်ငံထဲမှာပဲ မိမိတို့ကိုယ်မိမိတို့ ပိတ်လှောင်ထားမလားလို့ သူက မေးခွန်း ထုတ်ထားပါတယ်။
တရုတ်အစိုးရကတော့ ထိုင်ဝမ်သမ္မတ လိုင်နဲ့ ပြောဆိုဆွေးနွေးဖို့ ငြင်းဆိုထားပြီး သူဟာ ခွဲထွက်ရေးသမား ဖြစ်တယ်လို့ ပြောထားပါတယ်။
ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ် ပြည်သူတွေကပဲ ရွေးချယ်ဆုံးဖြတ်မှာ ဖြစ်တယ်လို့ လိုင်က ပြောထားပေမယ့် တရုတ်နဲ့ ဆွေးနွေးဖို့လည်း ထပ်မံ ကမ်းလှမ်းထားပါတယ်။
ထိုင်ဝမ် အတိုက်အခံ ကူမင်တန်တွေက သမ္မတ လိုင်ရဲ့ အထူးကာကွယ်ရေး ဘက်ဂျက် ဒေါ်လာ ၄၀ ဘီလီယံကို တားဆီးနေပြီး အမေရိကန် လက်နက် အနည်းငယ်လောက်ပဲ ဝယ်ယူလို့ရမယ့် အဆိုကို တင်သွင်းထားပါတယ်။
Ref:Reuters

