ဘီးလင်း၊ ဖေဖော်ဝါရီ ၂
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကော့ကမယ်ကျေးရွာ အရက်ဆိုင်မှာ နယ်ထိန်းရဲတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်မှာ ကော့ကမယ်ကျေးရွာ တောင်စွန်း-ဘီးလင်းကားလမ်းရှိ ဒေါ်စီလေးပိုင် အရက်ဆိုင်မှာ တောင်စွန်းနယ်မြေရဲစခန်းက နယ်ထိန်းရဲတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။
သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရတာကြောင့် တောင်စွန်းနယ်မြေရဲစခန်းက နယ်ထိန်း ရဲဒုတပ်ကြပ် ဇော်မင်းထွန်းဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီပစ်ခတ်မှုအတွင်း နယ်ထိန်း ရဲဒုတပ်ကြပ် ဇော်မင်းထွန်းနဲ့အတူပါလာတဲ့ ဒုရဲအုပ် ဖုန်းမြင့်နိုင် လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုပြီးနောက် စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဒေသခံပြည်သူတွေတချို့ကို ခေါ်ယူမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘီးလင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေကတော့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအနီး ကော့ကတဲလမ်းဆုံမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

