မော်လမြိုင်၊ ဖေဖော်ဝါရီ ၂

အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ လူသတ်စစ်မြေပြင်သို့ နေ့စဉ်ပို့ဆောင်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၉ ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် သဘောထား ကြေညာချက် ထုတ်ပြန်စဉ် ထည့်သွင်းပြောဆိုထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က စစ်အာဏာရှင်စနစ်အောက်မှာ မွန်အမျိုးသားတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် လက်ဖြန့်တောင်းခံလို့ မရနိုင်သလို သမိုင်းတစ်လျှောက် စစ်တပ်ဟာ လက်နက်အင်အားနဲ့ ပြည်သူတွေကို အနိုင်ယူခဲ့တာလို့ ဆိုပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာလည်း စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပါတီတွေကသာ အနိုင်ရရှိခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအအရ နိုင်ငံကို ဆက်လက်အုပ်ချုပ်ကာ နိုင်ငံရေး၊ စီးပွားရေး၊အုပ်ချုပ်ရေးအရ ဆက်လက်လွှမ်းမိုးဖို့ ကြိုးပမ်းလျက်ရှိတယ်လို့ ဆိုထားပါတယ်။

တဖက်မှာလည်း တိုင်းရင်းဒေသ အများအပြားမှာ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အခွင့်အရေးတွေကို စတင်ကျင့်သုံးလျက်ရှိပြီး ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေ အားကောင်းရေးမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဆောက်ရွက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် မွန်လူမျိုးတွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ မွန်အမျိုးသားနေ့မှာ ပြည်တွင်းပြည်ပ မွန်အမျိုးသားချစ်ပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မွန်အမျိုးသမီးနဲ့ မွန်လူငယ်တွေအနေနဲ့ တော်လှန်ရေးမှာ တိုက်ရိုက်ပါဝင်ကြဖို့ ဒါမှမဟုတ် သွယ်ဝိုက်ကူညီထောက်ပံ့ကြဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.