မကွေး ဖေဖော်ဝါရီ ၂
မကွေးတိုင်း သရက်ခရိုင် သရက်မြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံကို ရော့ကတ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က သရက်မြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၂ ကို 75MM Rocket ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
“အထိအခိုက်ကိုတော့ အတိကျမသိရသေးဘူး။ အဲဒီလိုတိုက်ခိုက်ပြီး လက်တလောမှာ သူတို့ မင်းတုန်းဘက်ထိုးနေတဲ့ စစ်ကြောင်းတွေ ကပစဘက် ပြန်ဆုတ်တာရှိတယ်” လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကပစ စက်ရုံအတွင်းမှာရှိတဲ့ ပစ်မှတ် အဆောက်အဦတွေကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်တယ်လို့ ကိုမြတ်က ပြောပါတယ်။
ကပစ ၁၄ ကို ရော့ကတ်တွေနဲ့ ပစ်ခတ်ချိန်မှာ စစ်ကော်မရှင်ဘက်က လက်နက်ကြီး၊ ရှော့တိုက်ဒုန်းတွေနဲ့ပြန်လည်ပစ်ခတ်ပေမဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း စစ်ကော်မရှင်စစ်ကြောင်းနဲ့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းတို့အကြား တိုက်ပွဲ ၁၀ ကြိမ်အထိ ဖြစ်ပွားခဲ့ပါသေးတယ်။
စစ်ကော်မရှင်ရဲ့ ၁၂ ရက်တာ မင်းတုန်းမြို့စစ်ကြောင်းအတွင်း ဒေသခံတစ်ဦး နှိပ်စက်သတ်ဖြတ်ခံရကာ ဝက်ကော်ကျေးရွာက နေအိမ် ၂၈ လုံး၊ ထန်းလေးပင်ကျေးရွာက နေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကာ လက်နက်ကြီးထိမှန်မှုကြောင့် ကင်းမွန်ထောင့်ကျေးရွာတစ်ရွာလုံးနီးပါး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – သရက်ခရိုင် အမှတ် ၄ တပ်ရင်း

