လောင်းလုံး၊ ဇန်နဝါရီလ ၂၅

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ဒေသခံ ၁၀၀၀ ကျော်ထွက်ပြေးနေရကြောင်း လောင်းလုံး ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီလောက်ကစပြီး ည ၁၁ နာရီခန့်အထိ ထားဝယ်ကမ်းနားရှိ ကာစတန်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်အဖွဲ့တွေက ပြင်းထိန်၊ သာယာကုန်း၊ အင်းဇောက်၊ ဝဗျောကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်နေတာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၅ ရက်မှာ ရွေးကောက်ပွဲလုပ်တော့မှာမို့ ဒေသကာကွယ်ရေးအဖွဲ့တွေ မလာနိုင်အောင် ရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပြီး ရွာထဲ လက်နက်ကြီးကျရောက်တာတွေရှိတဲ့အကြောင်း၊ အဲဒီလို ပစ်ခတ်မှုတွေကြောင့် ရွာခံတွေ ထွက်ပြေးတိမ်းရှောင်ရတာဖြစ်တယ်လို့ လောင်းလုံး ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေက ဒေသခံနဲ့နေအိမ်တွေကို ထိခိုက်တာမျိုး မရှိပေမယ့် ရွာခံတွေက ကြောက်လန့်နေကြရတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ပြင်းထိန်၊ သာယာကုန်း၊ အင်းဇောက်၊ ဝဗျောကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာကျေးရွာတွေနဲ့ဥယျာဉ်ခြံတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လောင်းလုံးမြို့နယ်ဟာ ဇန်နဝါရီ ၂၅ ရက်နေ့မှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာပါဝင်တာကြောင့် မြို့ပေါ်နဲ့မြို့အနီးဝန်းကျင်တွေကို ပကဖ အဖွဲ့တွေမလာနိုင်အောင် အင်အားအများအပြားနဲ့ လုံခြုံရေးချထားတာ၊ လက်နက်ကြီးပစ်ခတ်တာတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

လောင်းလုံးမြို့နယ်အတွင်းမှာ မြို့ပေါ် ၄ ရပ်ကွက်၊ စခန်းကြီးကျေးရွာနဲ့ မောင်းမကန်ကျေးရွာတွေမှာ မဲရုံတွေပြုလုပ်ထားပြီး ပြည်သူတွေက အဲဒီနေရာတွေမှာ မဲလာပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.