မြဝတီ၊ ဇန်နဝါရီ ၂၁

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးဒေသကို ဦးတည်လာပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင် တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတို့အကြား တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန် လည်ဖြစ်ပွားနေတယ်လို့ ဖလူးဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်တပ်က လေးကေကော်မြို့အနီးရှိ ရသေ့ဂူရွာကနေ ဖလူးဒေသထဲကို စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် KNLA၊ မဟာမိတ်တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲ နာရီပိုင်းအကြာ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဟာ စစ်ကြောင်းဟာ ထိခိုက်သေဆုံးမှု များပြားပြီးနောက် စစ်ကြောင်း ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ ဖလူးဒေသနဲ့ မင်းလက်ပံဒေသတွေထဲကို စစ်ကော်မရှင်တပ်က စစ် ကြောင်းအကြိမ်ကြိမ်ထိုးပြီး တိုက်ခိုက်ခဲ့နေပေမယ့် အဲဒီဒေသနှစ်ခုကို လက်ရှိအချိန်ထိ ပြန်လည်သိမ်းယူနိုင်တာ မရှိသေးပါဘူး။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလက မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက် လေးကေကော်မြို့အနီးဝန်းကျင်တစ်ဝိုက်မှာရှိတဲ့ မင်းလက်ပံရွာနဲ့ ဖလူးရွာတွေဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်လာခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေ အ ပြင်းအထန်ဖြစ်ခဲ့တာကြောင့် ဒေသနေပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်ခဲ့ရတာပါ။

လေးကေကော်အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံပြည်သူလူထု ထောင်ချီဟာ နီးစပ်ရာနေရာတွေနဲ့ အခြားနေရာဒေသတွေဆီ စစ်ဘေးရှောင်နေခဲ့ရပြီး စစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်မှာ ဆန်အရေးပေါ်လိုအပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့သူတွေက တိုက်တွန်းထားပါတယ်

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.