မော်လမြိုင် ၊ ဇန်နဝါရီ ၁၆

ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း မီးလင်းအခေါက် ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်ထပ်ချိုးသွားတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ကမ္ဘာ့နိုင်ငံရေး အခြေအနေ မငြိမ်သက်မှုနဲ့အတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမအပတ်က ရွှေတစ်အောင်စကို အမေရိကန် ဒေါ်လာ ၄၃၀၀ ဝန်းကျင်သာ ရှိရာကနေ ဇန်နဝါရီ ၁၅ ရက်နေ့မှာတော့ ဒေါ်လာ ၄၆၀၀ ဝန်းကျင်အထိ ဈေးနှုန်းထိုးတက်လာတာပါ။

ကမ္ဘာ့ရွှေဈေးနှုန်း စံချိန်တင် မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းဟာ ကျပ် ၉၁ သိန်းဝန်းကျင်ကနေ ကျပ် ၉၉ သိန်းအထိ ဈေးနှုန်း အဆမတန် မြင့်တက်သွားတာ ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင် တစ်ဦးကတော့ အမေရိကန်ရဲ့ စစ်ရေးအခြေအနေအပါအဝင် ကမ္ဘာ့နိုင်ငံရေးအခင်း အကျင်း မတည်ငြိမ်မှုတွေ ဆက်ဖြစ်မယ်ဆိုရင် ရွှေဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရွှေဈေးကတော့ အမေရိကန်ရဲ့ စစ်ရေး အခြေအနေအပေါ်မှာ မူတည်တာပေါ့။ ကမ္ဘာ့ရွှေဈေးက အမြင့်ဆုံး ဖြစ်နေတယ်။ စံချိန်တွေ ချိုးသထက် ချိုးချိုးနေတဲ့ အခါကျတော့ အဲဒီမှာ ရွှေဈေးက တက်တာ။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းက ဆက်ပြီးတော့ အခုလိုမျိုးပဲ မတည်မငြိမ် ဆက်ဖြစ်နေအုံးမယ်ဆိုလို့ရှိရင်တော့ ရွှေဈေးက ဒီထက်ပိုပြီး တက်ဖို့ ရှိတယ်ပေါ့”လို့ ဆိုပါတယ်။

ကမ္ဘာ့ နိုင်ငံရေး အခြေအနေအရ ကမ္ဘာ့ရွှေဈေးနှုန်း ထပ်မြင့်တက်လာနိုင်တဲ့ အလားအလာ ရှိသလို ပြည်တွင်း ဒေါ်လာဈေး ကစားမှုတွေလည်း ရှိတာကြောင့် ပြည်တွင်း ရွှေဈေးနှုန်း ထပ်မြင့်တက်လာနိုင်တဲ့ အခြေအနေတွေ တွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ရွှေဈေးနှုန်း စံချိန်ချိုးနေတာကြောင့် ရွှေဆိုင်အများစု အရောင်းအဝယ် ပိတ်ထားကြပြီး တချို့ရွှေဆိုင်တွေကတော့ ကျပ်သိန်းချီ ခွာပြီး အရောင်းအဝယ် ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

ရွှေဈေးနှုန်း စံချိန်မြင့်တက်ပေမယ့် စစ်ကော်မရှင် ရွှေရည်ညွှန်းဈေးနှုန်း သတ်မှတ်ရေး ကော်မတီက မီးလင်းအခေါက် ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၆၀ သတ်မှတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.