ဘန်ကောက်၊ ဇန်နဝါရီ ၁၆

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာအနေနဲ့ သူကျခံနေရတဲ့ တစ်နှစ်ထောင်ဒဏ်ကို သုံးပုံ နှစ်ပုံ ကျခံပြီးချိန် လာမယ့် မေလအတွင်း ပြစ်ဒဏ် ကင်းလွတ်ခွင့်ရရှိမယ်လို့ မျှော်လင့်ရကြောင်း အကျဉ်း ဦးစီးဌာန သတင်းရင်းမြစ် တစ်ခုက ပြောလိုက်ပါတယ်။

ကလုမ်ပရမ် ဗဟို အကျဉ်းထောင်သို့ သက်ဆင်ရဲ့ မိသားစုဝင်တွေ သွားရောက်ခဲ့ပြီးနောက် သူ့ကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးတော့မယ်ဆိုတဲ့ သတင်းတွေ ဇန်နဝါရီ ၁၅ ရက်မှာ ထိုင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

သက်ဆင်ရဲ့ သမီး ဝန်ကြီးချုပ်ဟောင်း ပေသွန်ထန် ရှင်နာဝါထရာရဲ့ အမျိုးသား ပီဒေါ့ ဆော့ဆာဝက်စ် အကျဉ်းထောင်သို့ သွားရောက်ပြီး သက်ဆင်ကို တွေ့ဆုံခဲ့တာပါ။

သူနဲ့ အတူ သက်ဆင်ရဲ့ ရှေ့နေလည်း လိုက်ပါသွားခဲ့ပြီး မီဒီယာသမားတွေ အများကြီး စောင့်ကြိုနေခဲ့ကြပါတယ်။

အကျဉ်းထောင် အပြင်ဖက်မှာ ရှပ်နီ လှုပ်ရှားရေး အဖွဲ့ဝင်တွေ စုဝေး ရောက်ရှိနေတာ တွေ့မြင်ရပါတယ်။

အကျဉ်သားတွေအပေါ် အဆင့်ခွဲခြား သတ်မှတ်မှုတွေကို မတ်၊ ဧပြီ၊ သြဂုတ်နဲ့ ဒီဇင်ဘာလတွေမှာ ပြုလုပ်လေ့ရှိတယ်လို့ အကျဉ်းဦးစီး သတင်းရင်းမြစ်က ပြောကြားပါတယ်။

ဒါက အကျဉ်းသားတွေကို အကျိုးခံစားခွင့်၊ ပြစ်ဒဏ်လျှော့ပေါ့ပေးရေး အခြေအနေတွေ ပြန်လည် စိစစ်ခြင်းဆိုင်ရာ ၂၀၁၉ ဥပဒေအတိုင်း လုပ်ဆောင်လေ့ရှိတာ ဖြစ်တယ်လို့ အဲဒီ သတင်းရင်းမြစ်က ဆိုတာပါ။

ထောင်ဒဏ်ကျခံနေရချိန်အတွင်း အကျဉ်းသား တစ်ဦးရဲ့ စည်းကမ်း လိုက်နာမှု၊ ကောင်းမွန်တဲ့ အပြုအမူ စတဲ့ အချက်တွေကို ကြည့်ပြီး ပြစ်ဒဏ် လျှော့ချ ပေးတာ ဖြစ်ပါတယ်။

သက်ဆင်ကို ထိုင်းတရားရုံးချုပ်က ထောင်တစ်နှစ်ချမှတ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေးဝါရင့်တစ်ဦး ဖြစ်တဲ့ သက်ဆင်ဟာ ပြည်ပမှာ နှစ်များစွာကြာ တိမ်းရှောင်နေခဲ့ပြီးနောက် ထိုင်းသို့ ပြန်လာချိန်မှာ အရင်က စွဲချက်တွေရဲ့ လက်ကျန် အမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သက်ဆင်ဟာ ပြစ်ဒဏ် လျှော့ပေါ့ခံရရေး လိုအပ်တဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေတာကြောင့် မကြာခင် ထောင်က လွတ်မြောက်မှာ ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်းမှာ တစ်နှစ် ထောင်ဒဏ် ချမှတ်ခံရသူတွေအနေနဲ့ ပြစ်ဒဏ်ရဲ့ သုံးပုံ နှစ်ပုံ သို့မဟုတ် ၈ လ ကျခံပြီးရင်း ပြစ်ဒဏ်လျှော့ပေါ့ရေး စိစစ်မှုတွေ လုပ်ဆောင်လေ့ရှိပါတယ်။

ဒါကြောင့် သက်ဆင်ဟာ အခုနှစ် မေလမှာ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိနိုင်တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

သက်ဆင်ဟာ ထောင်ထဲမှာ နေနေရပေမယ့် နိုင်ငံရေး ဆွေးနွေးမှုတွေ၊ သတင်းတွေကို အမြဲ မပြတ် ကြားသိနေရကြောင်း သူ့ရဲ့ သားမက် ပီဒေါ့က ပြောပါတယ်။

ထိုင်းမှာ ရက်ပိုင်းအတွင်း နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့တဲ့ ကရိန်းပြိုလဲကျမှုနဲ့ ပတ်သက်လို့ အများကြီး စိတ်ထိခိုက်ရတယ်လို့ သက်ဆင်က ပြောကြားကြောင်း သူ့ရဲ့ သားမက်က ပြောပါတယ်။

ဒီလို အဖြစ်မျိုးဟာ အမှန်တကယ် မဖြစ်ပွားသင့်တဲ့ ဖြစ်ရပ်တွေ ဖြစ်တယ်လို့ သက်ဆင်က ပြောကြား ပေမယ့် ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေး စံချိန်စံညွှန်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာ မရှိဘူးလို့ မစ္စတာ ပီဒေါ့ ပြောထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.