နေပြည်တော် ၊ ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ် နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ မီဒီယာရပ်တည်ချက်တွေကို ပြည်တွင်းလူငယ်တွေရဲ့ အမြင်နဲ့ ပုံရိပ်ပြောင်းလဲရေးဆောင်ရွက်ဖို့ အချက်ကို ထည့်သွင်းထားတဲ့ လူငယ်ကြေညာစာတမ်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါတယ်။
ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမယ့် အနာဂတ်ကာလ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ နိုင်ငံတည် ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေအတွက် အခွင့်အလမ်းတွေ စုပေါင်းဖန်းတီးကြဖို့ အချက် ၅ ချက်ကို လူငယ်ကြေညာစာတမ်းမှာ စစ်ကော်မရှင်က ကြေညာခဲ့ပါတယ်။
လူငယ်တွေရဲ့ လက်တွေ့ကျတဲ့ အခန်းကဏ္ဍကို ဖော်ထုတ်နိုင်မယ့် ငြိမ်းချမ်းရေးကို ပြင်းပြစွာ လိုလားကြတဲ့ လူငယ်အသိုက်အဝန်းတွေအကြား အပြန်အလှန်ဆက်သွယ်မှုကို အထောက်အပံ့ဖြစ်စေမယ့် လူငယ်ကွန်ရက်တွေ ဖွဲ့စည်းတည်ထောင်ဖို့ပါ။
အဲဒီကနေ လူငယ်တွေ လက်တွေ့ဆောင်ရွက်နိုင်တဲ့ စီမံချက်တွေကို လူငယ်တွေကိုယ်တိုင် အကောင် အထည်ဖော်ဖို့ လူငယ်ကြေညာစာတမ်းမှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က လူငယ်ဖိုရမ်ဟာ စစ်တပ်ရဲ့ ပေါ်လစီနဲ့ နိုင်ငံ ရေးအမြင်ကို အကောင်အထည်ဖော်ဖို့ လူငယ်တွေကို နားဖားကြိုးထိုးတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်တပ်ရဲ့ ပေါ်လစီနဲ့ နိုင်ငံရေးအမြင်ကို လူငယ်တွေကို နားဖားကြိုးထိုးပြီးတော့ ဒါကို အကောင်အ ထည်ဖော်ခိုင်းတာပဲ။ စာတမ်းတွေ လုပ်တယ်ဆိုတာကလည်း တကယ်တမ်းကျတော့ အဲဒီစာတမ်းက ဘယ်လောက်အထိ အကောင်အထည်ဖော်မှာလဲ။ အကောင်အထည်ဖော်တဲ့ အာဏာပိုင်အဖွဲ့အစည်းက စစ်တပ်နဲ့ စစ်တပ်လက်ဝေခံ ပါတီတွေက အကောင်အထည်ဖော်မယ်ဆိုရင် လူငယ်တွေရဲ့ အသံက ဒီနိုင်ငံရဲ့ ပေါ်လစီမှာ ပါဝင်ဖို့အတွက် မရှိဘူး။ စစ်တပ်ရဲ့ လုပ်ဆောင်ချက်အတိုင်းကိုပဲ ဒီလူငယ်တွေရဲ့ အသံပါဆိုပြီးတော့ သူတို့ လုပ်ချင်တဲ့ ပုံစံပဲဖြစ်မယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် လူငယ်တွေကို စစ်ထဲအတင်းသွတ်သွင်းနေတဲ့ စစ်မှုထမ်းဥပဒေကို အရင်ဖျက်သိမ်းပြီး တိုင်းပြည်ငြိမ်းချမ်းရေးရဖို့ စစ်တပ်ဟာ နိုင်ငံရေးအဝန်းအဝိုင်းကနေ ထွက်ပေးမှသာ လူငယ်တွေရဲ့ အိပ်မက်ကို အကောင်အထည်ဖော်လို့ ရနိုင်မယ်လို့ မှတ်ချက်ပြုပါတယ်။
အာဏာသိမ်းမှုအတွင်း ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ကနေ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော်မှာ သုံးရက်တာ ဦးဆောင်ကျင်းပခဲ့တာပါ။
ဒါဟာ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးတဲ့အချိန် သမိုင်းစာမျက်နှာသစ်မှာ ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံတည်ဆောက်ရေးမှာ လူငယ်တွေ ပါဝင်မှုကို မြှင့်တင်ပေးဖို့ စစ်ကော်မရှင်က အကြောင်းပြပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူငယ်တစ်ဦးဖြစ်တဲ့ မိတလဉာဏ်က စစ်တပ်အလိုကျ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ လူငယ်တွေကို လက်ကိုင်တုတ်အနေနဲ့ အသုံးချနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်တပ်ကနေပြီးတော့ တပ်မတော်ယူနီဖောင်းချွတ်ပြီးတော့ တိုက်ပုံဝတ် တိုင်းခန်းလှည့်လည်နေတဲ့ စစ်မိစ္ဆာက သူတို့အလိုကျ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ တေးသရုပ်ဖော်မယ့် လူငယ်တွေကို လက်ကိုင်တုတ်အနေနဲ့ အသုံးချနေတယ်လို့ ကျွန်မတို့အနေနဲ့ မြင်တယ်။ ပြီးတော့ အဓိက ကျဆုံးအချက်က စစ်မှန်သော ငြိမ်းချမ်းရေးဟာ ပြည်သူကို စစ်ကျွန်ပြုပြီး အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်စနစ်ကို ဖြိုချနိုင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်တံ့နိုင်မှာဖြစ်သလို ပြည်သူ လူထုရဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ကြေညာစာတမ်းမှာတော့ ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ မတူကွဲပြားမှုတွေကို နားလည်ပြီး အမှန်တရားတွေကို တိုက်ဖျက်နိုင်ရေး ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု အားကစားနဲ့ စီးပွားရေး ဖွံဖြိုးရေးနယ်ပယ်အသီးသီးရှိ လူငယ်တွေရဲ့ စွမ်းရည်မြှင့်တင်ပေးဖို့နဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် လူငယ်ဆိုင်ရာ စီမံကိန်းတွေ ရေးဆွဲဖို့ ဖြစ်ပါတယ်။
ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေး လူမှုသဟဇာတမြှင်တင်ရေးဆိုင်ရာ အစီအ စဉ်တွေကို ဒေသအလိုက် မြေပြင်အခြေအနေတွေနဲ့ ကိုက်ညီမယ့် စီမံချက်တွေကို လူငယ်တွေကိုယ်တိုင် စွန့်ဦးဆောင်ရွက်ပြီး နိုင်ငံတော်ရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို အထောက်အပံ့ဖြစ်စေမယ့် အကြုံပြုချက်တွေ ဖော်ထုတ်ရေးလည်း ပါဝင်ပါတယ်။
ဒါ့အပြင် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကနေ ပေါ်ထွက်လာတဲ့ အကြုံပြုချက်တွေကို စုစည်းပြီး အနာ ဂတ်နိုင်ငံတည်ဆောက်ရေးအတွက် လူငယ်နဲ့ ငြိမ်းချမ်းရေးမူဝါဒဆိုင်ရာ စာတမ်းတစ်ရပ်ကို ရေးဆွဲတင်ပြနိုင်ရေး ဖြစ်ပါတယ်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က လူငယ်တွေအပေါ် သက်ရောက်မှုရှိတဲ့ စစ်မှုထမ်းကိစ္စနဲ့ အနာဂတ်ပျောက်ဆုံးတဲ့ အကြောင်းတွေ မပါတဲ့အတွက် အသုံးချခံသက်သက်ပဲလို့ ထောက်ပြပါတယ်။
“အဲဒါတွေထက် တကယ့် လူငယ်တွေ ကြုံတွေ့နေရတဲ့ ဥပမာ စစ်မှုထမ်းဥပဒေကြောင့် သက်ရောက်မှုတွေ အဲဒီလိုပဲ ပြည်တွင်းစစ်တွေကြောင့် စီးပွားရေး၊ပညာရေး နောက် ရွဲ့စောင်းသွားတဲ့ အနာဂတ်ပျောက်သွားတဲ့ လူငယ်တွေအကြောင်း မပါဘဲနဲ့တော့ ဒီဟာတွေက အသုံးချခံသက်သက်ပဲ ဖြစ်နေဦးမှာပါ။ စစ်အစိုးရတိုင်းကလည်း ခေတ်အဆက်ဆက်မှာ လူငယ်တွေကို နည်းမျိုးစုံနဲ့ အသုံးချထားတဲ့ သာဓကတွေ ရှိတယ်လို့ပဲ ပြောပါရစေ”လို့ ဆိုပါတယ်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၄ ခုက လူငယ်ကိုယ်စား လှယ်တွေအပြင် ပဋိပက္ခဘေးသင့်ရာဒေသတွေက လူငယ်တွေ အဆင့်မြင့်ပညာရေးတက္ကသိုလ်တွေ ပုဂ္ဂလိကအသင်းအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ လူငယ်ပေါင်း ၄၅၀ ဦး တက်ရောက်ခဲ့ကြတာပါ။
အနာဂတ်ကာလမှာ လူငယ်တွေ ပါဝင်နိုင်မယ့် ကဏ္ဍတွေနဲ့ လုပ်ငန်းတွေကို သုံးရက်ကြာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ကြပြီး လူငယ်ကြေညာစာတမ်းကို ထုတ်ပြန်ကြေညာတာလို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသူတချို့ကလည်း လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရောက်ကြသူတွေဟာ တော်လှန်ရေးအဖွဲ့အစည်းထဲက လူငယ်တွေကို ကိုယ်စားမပြုနိုင်သလို ငြိမ်းချမ်းရေးအတွက် စစ်တပ်နဲ့ ပြန်လည်ညှိနှိုင်းရမယ့်ကိစ္စဟာ လက်တွေ့မကျဘူးလို့ သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

