ဘီးလင်း၊ ဇန်နဝါရီ ၁၀
ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပဖို့ ရှိနေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အခုလအတွင်း စစ်ကော် မရှင်ဘက်က ဒေသခံပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီလကစလို့ ဘီးလင်းမြို့ပေါ်နဲ့ ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာ အင်အားအများအပြား အသုံးပြုပြီး ပိတ်ဆို့ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇန်နဝါရီ ၈ ရက်နေ့အထိ ဒေသခံ ၆၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အများစုဟာ အသက် ၂၀ အရွယ်ကနေ ၄၀ အရွယ်ရှိတဲ့ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးတာ၊ ညပိုင်းအပြင်ထွက် သွားလာသူတွေ၊ ကင်းလှည့်ချိန် မသင်္ကာလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေကို ဘီးလင်းမြို့မရဲစခန်းအပါအဝင် ဘီးလင်းအခြေစိုက် တပ်ရင်းတွေမှာ ထိန်း သိမ်းထားပြီး အဲဒီထဲက ငွေကြေးမတတ်နိုင်တဲ့သူတွေကို စစ်မှုထမ်းတပ်သား စုဆောင်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဘက်က နေ့စဉ်ရက်ဆက် ဖမ်းဆီးနေတဲ့အတွက် လူငယ်အများစု အပြင်ထွက်သွားလာတာ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က လုံခြုံရေးအင်အား ရာနဲ့ချီ အသုံးပြုထားပြီး နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

